မင်္ဂလာအခါဆိုတာ အသုံးချတတ်ရင် တော်တော်လေးအသုံးဝင်ပါတယ်။ လောကီဝိဇ္ဇာဓရ အစီရင်တွေကိုလည်း အခုလိုပဲ မင်္ဂလာအခါကို ကျကျနန ရွေးချယ်ပြီး အသုံးပြုတတ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ အိမ်ဆောက်မင်္ဂလာအခါရွေးမလား၊ လက်ထပ်မင်္ဂလာအခါရွေးမလား ဘာကိစ္စပဲ လုပ်ချင်ချင် အခါကောင်း၊ ရက်ကောင်းလေးဟုတ်မဟုတ်သိနိုင်ဖို့ကို ဗေဒင်စွယ်စုံက များစွာ ကူညီပေးနိုင်ပါတယ်။

ဒီပရိုဂရမ်ထဲမှာ အထူးပြုလုပ်ချက်တွေ လုပ်စရာမလိုပဲ အလွယ်တကူနဲ့ အသင့်ယူသုံးနိုင်အောင် ကျနော်ကပဲ အပင်ပန်းခံပြီး ပြုလုပ်ပေးထားပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင် ...


အောက်မှာ ပြထားတာကတော့ ပြက္ခဒိန်ကို လက်ရှိကာလတင်မက တခြားသောကာလတွေကိုပါ ပြောင်းလဲကြည့်နိုင်ဖို့ ရွေးချယ်မှုမြင်ကွင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပြက္ခဒိန်ကဏ္ဍကို ဝင်လိုက်တာနဲ့ လက်ရှိလအတွက်ကို ဖော်ပြနေမှာဖြစ်ပါတယ်။

ဒါပေမယ့် မိတ်ဆွေက အနာဂတ်လတွေ၊ နှစ်တွေကိုဖြစ်စေ၊ ကျန်ခဲ့တဲ့ အတိတ်ကာလရဲ့ လတွေ၊ ရက်တွေကိုဖြစ်စေ ပြောင်းကြည့်ဖို့ လိုလာနိုင်ပါတယ်။ ဒီအခါမျိုးမှာ ... နှစ်နဲ့ လကို ပြောင်းလဲကြည့်လို့ရပါတယ်။ နှစ်နေရာမှာ တွက်ချင်တဲ့ နှစ်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ လကတော့ ရိုက်ထည့်စရာမလိုပါဘူး။ ရွေးချယ်ပေးလို့ရပါတယ်။

အောက်က ( ရန်ကုန် ) လို့ ပြထားတာက ဒီအတိုင်းထားခဲ့လည်းရပါတယ်။ ဒါပေမယ့် တချို့တွက်ချက်မှုတွေမှာ မိတ်ဆွေရဲ့ လက်ရှိနေရာဒေသကနေ တွက်ယူမှ ပိုပြီး မှန်ကန်တာမျိုးလည်း ပါလာတာကြောင့် မိတ်ဆွေနေထိုင်တဲ့ လက်ရှိနေရာကို ရွေးချယ်ပေးရင်ပိုကောင်းပါတယ်။ မဟုတ်ရင်လည်း ဒီအတိုင်းထားခဲ့လို့ရပါတယ်။

အောက်ဆုံးက အကွက်သုံးကွက်ကလည်း ဒီလိုပါပဲ။ တချို့ကိစ္စတွေအတွက် မိမိသိချင်တဲ့ အချိန်တွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ မဟုတ်လို့ ဒီအတိုင်းထားခဲ့မယ်ဆိုရင်တော့ တွက်ချက်မှုအားလုံးကို ညဉ့်သန်းခေါင်အချိန်အဖြစ် ပရိုဂရမ်ကယူပြီးတွက်ချက်ပေးမှာဖြစ်ပါတယ်။ အမှားမဟုတ်တဲ့အတွက် ဒီအတိုင်းချန်ထားခဲ့လည်း သိပ်တော့ အရေးမကြီးပါဘူး။

တိတိကျကျသိချင်တဲ့သူတွေကတော့ မိမိသိချင်တဲ့ နာရီ၊ မိနစ်၊ စက္ကန့်တွေကို ထည့်တွက်ပေးပေါ့ဗျာ။ ပိုပြီး မှန်ကန်တဲ့ အဖြေတွေကို ရရှိပါလိမ့်မယ်။

ပြက္ခဒိန်ပုံကတော့ ရက်ပေါင်း ၃၀ လောက်ကို ပြထားတဲ့အတွက် ဒီနေရာမှာ Screenshot ပုံပြပေးဖို့က သိပ်အဆင်မပြေပါဘူး။ အပြည့်အစုံကို ဗေဒင်စွယ်စုံ ပရိုဂရမ်ထဲမှာဖြစ်စေ၊ Video ထဲမှာဖြစ်စေ ကြည့်နိုင်ပါတယ်။ ( Video ကတော့ ကျနော် နောက်မှ စီစဉ်ပေးပါမယ်။ လောလောဆယ် အချိန်မရသေးလို့ပါ။

အခုတော့ ရှင်းပြရုံလောက်ပဲဆိုတော့ လိုအပ်တဲ့အပိုင်းလေးကိုပဲ Screenshot ရိုက်ပြပေးလိုက်ပါတယ်။ 

ပုံထဲမှာ မြင်နေရတဲ့ အပြာရောင်စက်ဝိုင်းလေးက ဒီနေ့ဆိုတဲ့ အဓိပ္ပါယ်ပါ။ လက်ရှိရောက်နေတဲ့ ရက်စွဲကို ဖော်ပြနေတာဖြစ်ပါတယ်။ ( ကျနော် အခုစာရေးနေချိန်က 4/10/2024 နေ့ဖြစ်လို့ 4 ဂဏန်းမှာ ဝိုင်းပြနေတာပါ။ တခြားရက်တွေဆိုရင် တခြားရက်မှာ ပြပေးပါလိမ့်မယ်။

ရက် တစ်ရက်စီမှာ အောက်ပါအစီအစဉ်အတိုင်းပါဝင်ပါတယ်။


✅ အင်္ဂလိပ်ရက်စွဲ ( ဒါကတော့ ပြက္ခဒိန်တစ်ခုရဲ့ ခရစ်ရက်စွဲတွေဖြစ်ပါတယ်။ )

✅ မြန်မာလ၊ မြန်မာရက် ( ဒါကတော့ သက်ဆိုင်ရာရက်နဲ့ သက်ဆိုင်နေတဲ့ မြန်မာရက်စွဲတွေဖြစ်ပါတယ်။ မြန်မာခုနှစ်ကိုတော့ ပြက္ခဒိန်ထိပ်ဆုံးမှာ မြင်နေရတာမို့ အထူးထည့်မနေတော့ပါဘူး။ )

✅ လမင်းအပြောင်းအလဲ ( ဒါကတော့ ဘာရယ်မဟုတ်ပါဘူး။ လပြည့်တာတွေ၊ လကွယ်တာတွေက ဘယ်လိုတွေဖြစ်သွားသလဲဆိုတာ မြင်သာအောင် ကျနော်က လျှောက်ထည့်ထားတာပါ။ )

✅ နေထွက်၊ နေဝင်ချိန် ( ဒါကတော့ သက်ဆိုင်ရာဒေသရဲ့ နေထွက်နေဝင်ချိန်ပါ။ တွက်ခွင်မှာ မိတ်ဆွေက မိတ်ဆွေရဲ့ ဒေသကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် ဒီအချိန်တွေဟာလည်း မိတ်တွေရဲ့ ဒေသချိန်တွေအဖြစ်ပြပေးမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကျနော် Default ထားတဲ့ အချိန်ကိုပဲ ပြနေမှာပါ။ တိကျချင်ရင်တော့ မိမိဒေသကို ထည့်တွက်ပေါ့ဗျာ။ )

✅ တိထီ၊ တီထီမြေခံ၊ လက်သမားမြေခံ ( ဒါတွေကလည်း အိမ်ဆောက်တဲ့သူတွေ၊ မြေခံကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေအောင်နဲ့ သီးခြားအသုံးပြုချင်တဲ့အခါ အသုံးပြုနိုင်ဖို့ ထည့်ပေးထားတာပါ။ မသုံးတတ်ရင်တော့ ကျော်ထားလို့ရပါတယ်။ အသုံးပြုတတ်သူတွေကတော့ သက်ဆိုင်ရာနေ့ရက်ရဲ့ မြေခံအကျိုးကျေးဇူးတွေကို အတိုကောက်နည်းနဲ့ ဖော်ပြပေးထားပါတယ်။ စာအရှည်ကြီးနဲ့ ရှင်းပြရတာ မလွယ်လို့ပါ။ )

✅ နက္ခတ် ( ဒါကတော့ သက်ဆိုင်ရာနေ့ရက်အတွက် စန်းယှဉ်နက္ခတ်တွေပါ။ နက္ခတ်ကို နက္ခတ်နာမည်တွေလည်းရေးပြထားသလို၊ နားလည်သူတွေပါ ဆက်လက်တွက်ချက်နိုင်ဖို့ လုံးရေ၊ ပါဒ်၊ ဃဋီတွေကိုပါ ထည့်ပြထားပါတယ်။ ပြီးတော့ ဝိဇ္ဇာဓနလောကီပညာရှင်တွေပါ အသုံးပြုနိုင်အောင် နက္ခတ်တွေရဲ့ ဝင်ထွက်၊ မြင်ကန်း စတဲ့ အချက်အလက်တွေကိုပါထည့်သွင်းပေးထားပါတယ်။ သုံးတတ်ရင်တော့ ရွှေပဲပေါ့ဗျာ။ )

✅ မြန်မာ့ရိုးရာ မင်္ဂလာ ( ဒါကတော့ မြန်မာပြက္ခဒိန်တွေမှာ အသုံးများကြတဲ့ ရက်ရာဇာ၊ ပြဿနာအပြင် ဗေဒင်ပညာရပ်တွေမှာပါ သုံးကြလေ့ရှိတဲ့ ရှမ်းရက်၊ နဂါးပေါ်ရက်၊ ရက်တံခွန် စတဲ့ အချက်အလက်တွေကိုပါ သက်ဆိုင်ရာနေ့အလိုက် ဖော်ပြပေးထားတာပါ။ အသုံးပြုတတ်သူတွေအတွက် များစွာ အကျိုးရှိစေမှာဖြစ်ပါတယ်။ )

အဲဒါတွေရဲ့ အောက်ဆုံးမှာတော့ ( ဆက်ဖတ်ရန် ) ဆိုတဲ့ ခလုတ်တွေထည့်ပေးထားပါတယ်။ ဒါကတော့ ရက်အလိုက် ဖော်ပြတဲ့နေရာမှာ နေရာမလောက်ငှမှုကြောင့် သက်ဆိုင်ရာ ရက်တွေအတွက် တိုးချဲ့ထားတဲ့ စနစ်လေးတစ်ခုဖြစ်ပါတယ်။ သက်ဆိုင်ရာ ရက်ရဲ့ ဆက်ဖတ်ရန်ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင်တော့ အောက်ပါပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။

ဒီအပိုင်းမှာကတော့ ကျနော်နေရာမဆန့်လို့ တခြားဟာတွေတော့ မပြတော့ပါဘူး။ ပါဝင်တာတွေကိုတော့ ရှင်းပြပေးပါမယ်။ 


✅ ပထမဆုံးအပိုင်းမှာ အဲဒီရက်အတွက် မင်္ဂလာစနစ်အရ ကောင်းဆိုးကို ဆုံးဖြတ်ပေးနိုင်ဖို့ တွက်ချက်ထားတဲ့ စနစ်တခုပါဝင်ပါတယ်။ ဥပမာအရ ... မင်္ဂလာကိစ္စလို့ဆိုတဲ့ ကောင်းတဲ့ ကိစ္စအတွက် -25% ဖြစ်နေကြောင်း အသိပေးထားပါတယ်။ ဆိုးအားဖြစ်လို့ ကောင်းတဲ့ ကိစ္စတွေမလုပ်သင့်ဘူးလို့ သိထားရပါမယ်။ ဒါပေမယ့် မကောင်းမှုပြုချင်တဲ့ ကိစ္စမျိုးတွေကတော့ လုပ်လို့ရပါတယ်။ 

ဥပမာ ... ကွဲအောင်ခွဲတာမျိုး၊ တန်ပြန်တာမျိုး စတာတွေလုပ်နိုင်ပါတယ်။


✅ ဒုတိယအပိုင်းမှာတော့ နက္ခတ်တွေကပေးလာတဲ့ ပြုလုပ်သင့်တဲ့ ကိစ္စတွေကို တွက်ချက်ပေးထားပါတယ်။ မိမိဉာဏ်ရှိသလို အသုံးပြုနိုင်ပါတယ်။


✅ တတိယအပိုင်းမှာတော့ တိထီငါးပါးအရ ပြုလုပ်နိုင်တဲ့ ယတြာစနစ်တွေကို ဖော်ပြပေးထားပါတယ်။ ဉာဏ်ရှိသလို အသုံးပြုနိုင်ပါတယ်။ 


✅ စတုတ္ထအပိုင်းမှာတော့ ဂြဟဇာပွင့်ရာအရပ်ကို တွက်ပေးထားပါတယ်။ ဉာဏ်ရှိသလိုသုံးနိုင်ပါတယ်။


✅ ပဉ္စမအပိုင်းမှာတော့ လာဘ်နေ၊ နတ်နေအရပ်ကို တွက်ချက်အကြံပြုထားပါတယ်။ ဉာဏ်ရှိသလိုသုံးနိုင်ပါတယ်။


✅ နောက်ဆုံးအပိုင်းမှာကတော့ နေ့စဉ်ရွတ်ဆိုနိုင်မယ့် ဂါထာတော်တွေကို ဗေဒင်နည်းလမ်းတကျ တွက်ချက်ပြီး တင်ပြပေးထားပါတယ်။ ယုံယုံကြည်ကြည်ရွတ်ပေးရင် အကျိုးများမယ်ပေါ့ဗျာ။ ဒါတွေအားလုံးက နေ့ရက်တိုင်းအတွက် ကြည့်လို့ရပါတယ်။ ဆက်ဖတ်ရန်ဆိုတဲ့ ခလုတ်လေးကိုသာ နှိပ်ကြည့်ပါ။ 

ကဲ ဒီလောက်ဆိုရင်တော့ မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်လေးကို ကြည့်တတ်လောက်ပြီလို့ ထင်ပါတယ်။

ဗေဒင်စွယ်စုံကို အသုံးပြုချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဗေဒင်စွယ်စုံ