Mo ဗေဒင် ( MO Divination ) အကြောင်းကို ရေးမယ်ဆိုတော့ ဒီပညာမှာ အဓိကအသုံးပြုထားတဲ့ မန္တန်တစ်ခုအကြောင်းကနေစပြောရပါမယ်။ အဲ့ဒီ မန္တန်ကလည်း Manjushri နဲ့ ပတ်သက်နေပြန်တော့ အဲ့ဒီအကြောင်းကိုလည်း မကျဥ်းမကျယ်လေးဖွင့်ဆိုပြရမယ့် သဘောရှိလာပါတယ်။


Manjushri ဆိုတာဘာလဲ?

Manjushri ဆိုတာ တိဗက် မဟာယာနဗုဒ္ဓဘာသာရဲ့ ဘုရားလောင်းတဆူဖြစ်ပါတယ်။

မဟာယာနစာပေအရ ရှေးအကျဆုံးနဲ့ အထင်ရှားဆုံး ဘုရားလောင်းဖြစ်တယ်လို့ ပညာရှင်များကဆိုကြပါတယ်။ Manjushri ရဲ့ အဓိပ္ပါယ်က "နူးညံ့သိမ်မွေ့ပြီး မင်္ဂလာရှိတဲ့သူ" လို့ အဓိပ္ပါယ်ရပါတယ်။ 


Mo မန္တန်ဆိုတာ ဘာလဲ?

Mo ဗေဒင်ပညာမှာ သုံးထားတဲ့ Oṃ A Ra Pa Ca Na Dhīḥ (ༀ་ཨ་ར་པ་ཙ་ན་དྷཱི༔) မန္တန်ဟာ Manjushri မန္တန်လို့ဆိုပါတယ်။ ဥာဏ်ပညာကိုဖြစ်စေတဲ့၊ တနည်းအားဖြင့် ဥာဏ်ပညာကိုပေးတဲ့ မန္တန်လို့ဆိုပါတယ်။ 


မန္တန်အသံထွက်နည်း လမ်းညွှန်

Mo ဗေဒင် ဟောပြောသူဟာ ဒီမန္တန်ကို ရွတ်ဆိုကြလေ့ရှိတဲ့အတွက် အသံမှန်မှန်နဲ့ ရွတ်နိုင်စေဖို့ မန္တန်ရွတ်ဆိုနည်းကို ဗဟုသုတအဖြစ် ထည့်သွင်းရှင်းပြပေးပါမယ်။


တိဗက်စာလုံးကို အင်္ဂလိပ်လို အောက်ပါအတိုင်း ရေးနိုင်ပါတယ်။ ဒါဟာ အသံထွက်လည်းဖြစ်ပါတယ်။ 


Oṃ A Ra Pa Ca Na Dhīḥ ( မူကွဲ Oṃ A Ra Pa Tsa Na Dhīḥ ) 


မြန်မာသံနဲ့ဆိုရင် အောက်ပါအတိုင်း အနီးစပ်ဆုံး အသံထွက်ပါတယ်။


ဥုံမ် အရပချနထီဟ် 


တိဗက်အသံကို တခြားဘာသာနဲ့ရေးပြရတာက နီးစပ်ရုံသာရပြီး တကယ်တမ်းက မမှန်ကန်ပါဘူး။ ဒါပေမယ့် အောက်ပါလမ်းညွှန်ချက်အရ သတိထားပြီး ရွတ်ဆိုတတ်ရင် အသံထွက်မှန်လာနိုင်ပါတယ်။


✅ Om က ( ဥုံမ် ) ဖြစ်ပါတယ်။ မြန်မာတွေနဲ့ ရင်းနှီးပြီးသားမို့ အထူးပြောစရာမရှိပါဘူး။

✅ A က ( အ ) နဲ့ နီးစပ်ပြီး Om ရဲ့ m ( မ ) နဲ့ ပူးတွဲရွတ်ရပါတယ်။ ဒါကြောင့် တကယ်တမ်းရွတ်တဲ့အခါ ( အ ) အသံပျောက်ပြီး ( မ ) အသံထွက်ပါတယ်။ 

✅ Ra က ( ရ ) သံဖြစ်ပါတယ်။ ( ယ ) သံမဟုတ်ကြောင်းသတိပြုပါ။

✅ Pa က ( ပ ) သံဖြစ်ပါတယ်။

✅ Ca က ( ချ ) သံဖြစ်ပါတယ်။ ( စ ) သံမဟုတ်ပါဘူး။ 

✅ Na က ( န ) သံဖြစ်ပါတယ်။

✅ Dhih က ( ထ ) သံနဲ့ နီးစပ်ပြီး ( ထီ ) လို့အသံထွက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးက ( h ) က ( ဟ ) သံပါပြီး ပဲ့တင်ထပ်သလို ခပ်ဆွဲဆွဲလေးရွတ်ရပါတယ်။ ဒီတော့ ( ထီ..ဟီ... ) ဆိုတာနဲ့ ပိုနီးစပ်ပါတယ်။ ( D ) နဲ့စတင်ပေမယ့် ( ဒ ) သံမဟုတ်ပါဘူး။ ဒီစာလုံးဟာ ဗီဇ ( Bija ) အသံလည်းဖြစ်တာကြောင့် အလေးအနက်ထားရွတ်ရပါတယ်။

ဒီ အသံစည်းကမ်းတွေနဲ့ အညီ ရွတ်ရင် ဘယ်လိုအသံထွက်မလဲဆိုတာသိရအောင် ကျနော် အောက်မှာ mp3 လေးနဲ့ ပြပေးထားပါတယ်။ နားထောင်ကြည့်ပါ။ 

ဒီမန္တန်ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုတတ်ကြပေမယ့် တကယ်က အသံသက်သက်ကို စွမ်းအင်အဖြစ် ရယူထားတဲ့ မန္တန်တစ်ခုသာဖြစ်ပါတယ်။ Mo ဗေဒင်ဟောခါနီးတိုင်း ဒီမန္တန်ကို ၃ ခေါက်အနည်းဆုံးထားပြီးရွတ်ဆိုပေးရတယ်လို့ဆိုပါတယ်။


Mo ဗေဒင်ဆိုတာဘာလဲ? 

Mo ဗေဒင်ဆိုတာ မန္တန်ရဲ့ စာလုံးခြောက်လုံးကို အသုံးပြုပြီး ဗေဒင်ဟောတဲ့ အတတ်ပညာတစ်ခုပါ။ မန္တန်ထဲက ( A - Ra - Pa - Ca - Na - Dhīḥ ) ဆိုတဲ့ စာလုံး ခြောက်လုံးကို အသုံးပြုပါတယ်။ ဒီလို ဟောပြောနိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ Mo အန်စာတုံး ( Mo Dice ) တွေရှိပါတယ်။ အန်စာ နှစ်တုံးသုံးရပါတယ်။ Mo အန်စာတုံးမရှိခဲ့ရင်လည်း ရိုးရိုးအန်စာတုံးကို သုံးနိုင်ပါတယ်။ ရိုးရိုး အန်စာတုံးပေါ်က ဂဏန်းတွေနဲ့ စကားခြောက်လုံး ဆက်စပ်ပုံက အောက်ပါအတိုင်းဖြစ်ပါတယ်။ 


A = 6
Ra = 2
Pa = 3
Ca = 5
Na = 4
Dhīḥ = 1


Mo ဗေဒင် ပရိယာယ်များ

A = လှုုပ်ရှားမှု

Ra = စွမ်းအား၊ နှိမ့်ချမှု

Pa = ငြိမ်းချမ်းမှု၊ သန့်ရှင်းမှု

Ca = အကြမ်းဖက်မှု၊ ဖျက်ဆီးမှု

Na = တိုးပွားမှု၊ ကြီးပွားမှု

Dhīḥ = အထူးလုပ်ဆောင်မှု


ဓာတ်စင်

A = အာကာသ

Ra = မီး

Pa = ရေ

Ca = လေ

Na = မြေ

Dhīḥ = ဝိညာဥ်


ကိုယ်ခန္ဓာ ( အပြင်ပိုင်း )

A = နား

Ra = မျက်လုံး

Pa = လျှာ

Ca = ခန္ဓာကိုယ်

Na = နှာခေါင်း

Dhīḥ = စိတ်


ကိုယ်ခန္ဓာ ( အတွင်းပိုင်း )

A = အဆုတ်၊ အူမကြီး

Ra = နှလုံး၊ အူသိမ်

Pa = ကျောက်ကပ်၊ ဆီး၊ မျိုးပွားအင်္ဂါ

Ca = အသည်း

Na = သည်းခြေအိတ်၊ အစာအိမ်

Dhīḥ = သုတ်ရည်


အာရုံပရိယာယ်

A = အကြား

Ra = အမြင်

Pa = အရသာ

Ca = အတွေ့အထိ

Na = အနံ့

Dhīḥ = အတွေး


ကောင်းကင်နဲ့ မြေကြီး ပရိယာယ်

A = ကောင်းကင်

Ra = ကောင်းကင်နဲ့မြေကြီးကြား

Pa = မြေကြီး

Ca = ကောင်းကင်နဲ့မြေကြီးကြား

Na = မြေကြီး

Dhīḥ = ကောင်းကင်


ကျားမပရိယာယ်

A = နပုန်း

Ra = ကျား

Pa = မ

Ca = ကျား

Na = မ

Dhīḥ = နပုန်း


အရပ်မျက်နှာပရိယာယ်

A = ဗဟို

Ra = အနောက်

Pa = တောင်

Ca = မြောက်

Na = အရှေ့

Dhīḥ = ဗဟို


အရောင်ပရိယာယ်

A = အရောင်မဲ့၊ ကြားနေအရောင်

Ra = အနီရောင်

Pa = အဖြူရောင်

Ca = အစိမ်းရောင်

Na = အဝါရောင်

Dhīḥ = ရောင်စုံ


ဒီပညာအရ အောက်ပါအချက်အလက်တွေကို ဟောပြောနိုင်ပါတယ်။


( ၁ ) မိသားစု၊ ပိုင်ဆိုင်မှု၊ ဘ၀

( ၂ ) ရည်ရွယ်ချက်၊ မျှော်လင့်ချက်

( ၃ ) မိတ်ဆွေ၊ ကြွယ်၀မှု

( ၄ ) ရန်သူ

( ၅ ) ဧည့်သည်

( ၆ ) နာမကျန်းမှု

( ၇ ) နတ်ဆိုး၊ ဝိညာဉ်များ

( ၈ ) တရားဓမ္မ၊ ဝိညာဉ်အလေ့အကျင့်

( ၉ ) ဆုံးရှုံးထားသောအရာ

( ၁၀ ) လာခြင်း၊ မလာခြင်း၊ တွေ့ဆုံခြင်း၊ မတွေ့ဆုံခြင်း

( ၁၁ ) အထွေထွေမေးခွန်း


နမူနာဟောပြောပုံ

ဒီပညာအရ ဗေဒင်ဟောပြောနည်းက လွယ်ကူပါတယ်။ ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီတော့ မေးခွန်းထုတ်တတ်ဖို့၊ မေးတတ်ဖို့လိုအပ်ပါတယ်။ ဒီမှာတော့ နည်းရရုံလောက်ကိုပဲ ဥပမာပေးပါမယ်။ ဆိုကြပါစို့ ... မေးခွန်းတစ်ခုမေးလိုက်မယ်။ ( ဒီနှစ်ထဲမှာ ငွေထူးထူးခြားခြားဝင်ဖို့ရှိသလား? ) 

ဒီမေးခွန်းကို ဖြေဆိုနိုင်ဖို့ Mo အန်စာနှစ်တုံးကို ခလောက်ပြီး စားပွဲပေါ်ကို ပစ်ချလိုက်ပါ။ ပေါ်လာတဲ့ အန်စာမှာ စကားလုံး ခြောက်လုံးအနက် တစ်ခုခု ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ စကားလုံးနှစ်ခုဟာ ...


A နဲ့ Na ဖြစ်တယ်ဆိုပါစို့ ... 


A = လှုုပ်ရှားမှု

Na = တိုးပွားမှု၊ ကြီးပွားမှု


ဆိုတဲ့ ပရိယာယ်ရှိထားတဲ့အတွက် 


ငွေတွေ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

ငွေတွေတိုးပွားလာတယ်။ ကြီးပွားဖို့လမ်းစဖြစ်တယ်။


လို့ ယူဆပြီး မေးခွန်းအပေါ် ဆီလျော်အောင် အဟောထုတ်မယ်ဆိုရင် ... 


ဒီနှစ်ထဲမှာ ငွေကြေးလှုပ်ရှားမှုအားကောင်းလာတဲ့အတွက် ထူးထူးခြားခြား ငွေတွေဝင်လာဖို့ရှိတယ်။ ကြီးပွားချမ်းသာမယ်။ လို့ အဟောထုတ်နိုင်ပါတယ်။ ဒီပညာအရ အဟောမထုတ်နိုင်ခဲ့ရင်လည်း ဝမ်းမနည်းပါနဲ့။ အဲဒီအတွက် ခပ်လွယ်လွယ်နဲ့ မေးမြန်းအဟောထုတ်နိုင်အောင် ကျနော် Program ရေးထားပြီးဖြစ်ပါတယ်။ 

အောက်ပါလင့်ခ်မှာဝင်ပြီး မေးချင်တာတွေကို မေးမြန်းကြည့်နိုင်ပါတယ်။

Mo ဗေဒင်မေးရန်