ဂဏန်းဗေဒင်ပညာကို လေ့လာနေရင်းနဲ့ ခေါင်းရှုပ်နေတယ်ဆိုရင် ကျနော်ပြောသလို လေ့လာကြည့်ပါ။ တချို့ကတော့ ပြောလိမ့်မယ်ထင်တယ်ဗျ။ ဗေဒင်ပညာထဲမှာ မဟာဘုတ်တို့၊ ဂဏန်းဗေဒင်တို့ဆိုတာ အလွယ်ဆုံးပဲဟာကို ဘယ့်နှယ့်ခေါင်းရှုပ်တယ်လို့ ဆိုနေရသတုန်းပေါ့။ လွယ်တယ်လို့ မြင်ရင် ဘာမဆိုလွယ်တယ်ဗျာ။ ခက်တယ်လို့မြင်ရင် ငှက်ပျောသီးအခွံနွှာတာလေးတောင်မှ အင်မတန်ခက်သွားနိုင်တယ်ဗျ။ ဗေဒင်ပညာထဲမှာ အရမ်းကိုစနစ်ကျတဲ့ နက္ခတ်ပညာဆိုတာရှိတယ်။ ကျက်ရမှတ်ရတာတွေများသလို၊ စဥ်းစားဟောဆိုရတဲ့နေရာမှာလည်း စနစ်တကျနဲ့ ရှုထောင့်ပေါင်းစုံကနေ ကြည့်ရတယ်ဗျ။ တော်တော်ခက်တဲ့ပညာလို့ ဆိုနိုင်တာပေါ့။ ဒါပေမယ့် ဘယ်လောက်ပဲခက်ပါစေ။ လေ့လာသင်ယူတတ်ရင် မှတ်ဥာဏ်ကောင်းနေမှမဟုတ်ဘူး။ အရမ်းကို လွယ်ကူသွားလိမ့်မယ်ဗျ။ ဒီလိုလေ့လာသင်ယူတဲ့နည်းလမ်းတွေကိုပဲ ကျနော်သုံးခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ ကျနော့်နည်းက ရိုးရှင်းပေမယ့် လက်တွေ့အလုပ်ဖြစ်ပါတယ်။ ကျနော့်လို မှတ်ဥာဏ်မကောင်းတဲ့သူတောင် အရာရာကို အသေးစိတ်ကအစ မှတ်မိလာတာကလည်း အဲ့ဒီအကျိုးဆက်ပဲဗျ။ ဒီတော့ ဂဏန်းဗေဒင်သင်ယူပုံနဲ့ ဥပမာပေးရင်း ရှင်းပြသွားမယ်ဗျာ။ ဂဏန်းဗေဒင်ဆိုလိုက်တာနဲ့ လူတိုင်းက 1-10-19-28 ရက်မွေးသူသည် ၁ ဂဏန်းသမားဖြစ်သည်။ ဘာဖြစ်သည်။ ညာဖြစ်သည် ဆိုတာလောက်နဲ့တင် လမ်းဆုံးပြီးလို့ ထင်တတ်ကြတယ်ဗျ။ ဒီထက်လည်း ပိုမပြောကြဘူး။ ဘာလို့မပြောတာလဲဆိုတာလည်း ကျနော်မသိဘူး။ တကယ်တော့ ဂဏန်းဗေဒင်ပညာမှာ လေ့လာစရာတွေ၊ သင်ယူစရာတွေက တပုံကြီးရှိသေးတယ်ဗျ။ ခင်ဗျားမှာ တင်းပုတ်ကြီးရှိနေတာနဲ့ပဲ ပြီးပြည့်စုံပြီ။ တခြားအရာမလိုတော့ဘူးလည်း မထင်နဲ့ဦးဗျ။ အပ်ကလေးတချောင်းကလည်း သူ့နေရာနဲ့သူ အသုံးဝင်တာ မမေ့သင့်ဘူး။ ခင်ဗျားက တင်းပုတ်ကြီးကို မချိမဆန့် ထမ်းပိုးနေရချိန်မှာ အပ်သမားက ခင်ဗျားကို အသာလေးကျော်တက်သွားနိုင်တယ်။ ကျနော်ကတော့ ပညာဆိုတာနဲ့ အကုန်လေ့လာပြီးသားဗျ။ ဘယ်ပညာကိုမှ အထင်မသေးဘူး။ သူ့နေရာနဲ့သူ အသုံးဝင်တာချည်းပဲလို့ ခံယူထားတယ်ဗျ။ ဒါကြောင့် ဒီစာဖတ်နေတဲ့ ခင်ဗျားကိုလည်း အကြံပေးချင်တာက ပညာရပ်တွေကို လေးစားကြည့်ဗျ။ သူတို့ကလည်း ပြန်ပြီးလေးစားလာလိမ့်မယ်။ သူတို့က လေးစားပြီဆိုရင် ခင်ဗျားဟာ မှော်ပေါက်ပြီပေါ့ဗျာ။
ဂဏန်းဗေဒင်ပညာမှာ... အဓိကဂဏန်း ၅ မျိုးရှိတယ်လို့ ပထမဆုံး မှတ်ထားလိုက်ပါ။ အဲ့ဒါကို အင်္ဂလိပ်လို Core Numbers လို့ခေါ်ပါတယ်။ အဲ့ဒီ ၅ မျိုးကိုလည်း အုပ်စုနှစ်စု ထပ်ခွဲလို့ရတယ်ဗျ။
✅ Date အုပ်စု
✅ Name အုပ်စု
ဆိုတာပဲ။
Date အုပ်စုမှာ ဂဏန်းနှစ်မျိုးရှိတယ်။ အဲ့ဒါတွေက...
✅ ဘဝလမ်းကြောင်းဂဏန်း ( Life Path Number ) နဲ့
✅ မွေးရက်ဂဏန်း ( Birth Day Number ) ဆိုတာပဲ။
Name အုပ်စုမှာ ဂဏန်းသုံးမျိုးရှိတယ်။ အဲ့ဒါတွေက...
✅ ကံကြမ္မာဂဏန်း ( Expression Number )
✅ ပုဂ္ဂလိကဂဏန်း ( Personality Number )
✅ နှလုံးသားဆန္ဒဂဏန်း ( Heart‟s desire Number )
ဆိုတာတွေပဲ။ ဒီအမည်နာမတွေက ကျနော့်ရဲ့ဗေဒင်စွယ်စုံထဲမှာ ထည့်ထားပြီးဖြစ်လိူ့ သုံးဖူးတဲ့သူဆိုရင် သိပြီးဖြစ်မယ်ထင်ပါတယ်။ ဒီအထဲမှာမပါသေးတဲ့ သီးခြားဂဏန်းတွေလည်းရှိသေးတယ်ဗျ။ အဲ့ဒီအကြောင်း ခဏထားဦး... စောစောက ဂဏန်း ၅ ခု အကြောင်းကို ထပ်ရှင်းပြစရာရှိတယ်။
✅ ဘဝလမ်းကြောင်းဂဏန်း ( Life Path Number ) ✅
=================================================
ဘဝလမ်းကြောင်းဂဏန်း ဆိုတာ ခင်ဗျားရဲ့ မွေးသက္ကရာဇ် အားလုံးကို စုစုပေါင်းလိုက်တဲ့ တန်ဖိုးကနေ ရလာတာပါ။ ဒါက ခင်ဗျားရဲ့ တဘဝလုံးနဲ့ဆိုင်တယ်။ ခင်ဗျားရဲ့ အရည်အချင်းတွေ၊ ခင်ဗျားရဲ့ ဘဝမှာကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေ၊ ခင်ဗျားရဲ့ ဦးတည်ချက်တွေကို ဖော်ထုတ်ပေးနိုင်တဲ့ဂဏန်းတစ်ခုပဲ။
✅ မွေးရက်ဂဏန်း ( Birth Day Number ) ✅
========================================
ဒီဂဏန်းကတော့ ခင်ဗျားတို့နဲ့ရင်းနှီးပြီးသားပါ။ မွေးရက်ကနေ ရလာတဲ့ဂဏန်းပါ။ ဘဝလမ်းကြောင်းဂဏန်းနဲ့ မတူညီတဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင်အရည်အချင်းကိုဖော်ပြနိုင်တဲ့ ဂဏန်းတစ်ခုပါ။ ဘဝဂဏန်းက ခင်ဗျားရဲ့ဘဝကို သေချောပေါက် လွှမ်းမိုးနေပေမယ့် ဒီဂဏန်းကတော့ ခင်ဗျားကို အနီးကပ်ကို စောင့်ကြည့်နေမှာပါ။ ကူညီစရာရှိရင် ရှေ့ဆုံးက ကူညီလာပါလိမ့်မယ်။
✅ ကံကြမ္မာဂဏန်း ( Expression Number ) ✅
==========================================
ဒီဂဏန်းကို ကျနော်က ကံကြမ္မာဂဏန်းလို့ပဲ နာမည်ပေးထားတယ်။ ဒီဂဏန်းဟာ ခင်ဗျားနာမည်ရဲ့ တန်ဖိုးအားလုံးကနေ ဖြစ်လာတဲ့ ဂဏန်းတစ်ခုပါ။ Destiny number လို့လည်း ခေါ်ပါတယ်။ ဒီဂဏန်းရဲ့စွမ်းအားကို မြင်သာအောင် ပမာပြုရရင်... ဘဝလမ်းကြောင်းဂဏန်းဆိုတဲ့ သင်္ဘောကြီးက အောင်မြင်မှုပန်းတိုင်ဖြစ်တဲ့ မွေးရက်ဂဏန်းဆီကို သယ်ဆောင်သွားချိန်မှာ ကံကြမ္မာဂဏန်းဆိုတဲ့ သံလိုက်အိမ်မြှောင်လေးက ခင်ဗျားကို လမ်းမမှားအောင် ကူညီပေးလိမ့်မယ်။ အဲ့ဒါ ဒီဂဏန်းရဲ့ စွမ်းရည်ပဲ။
✅ ပုဂ္ဂလိကဂဏန်း ( Personality Number ) ✅
===========================================
ဒီဂဏန်းကတော့ ခင်ဗျားရဲ့ နာမည်ထဲမှာရှိနေတဲ့ ဗျည်းစာလုံးတွေကနေ ရလာတဲ့ ဂဏန်းတစ်ခုဖြစ်ပါတယ်။ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပုဂ္ဂိုလ်ရေးအပိုင်းတွေကို ဦးစားပေးဖော်ပြတယ်ဆိုပေမယ့် ခင်ဗျားနားလည်အောင် မှတ်ထားရမှာက ဒီဂဏန်းဟာ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာပဲဗျ။ ဒီဂဏန်းအားကောင်းရင် ခင်ဗျား ခန္ဓာကိုယ်ဟာ ကြည့်ကောင်းမယ်။ ကျန်းမာစေမယ်ပေါ့ဗျာ။ ဒီဂဏန်းကနေ ခင်ဗျားရဲ့ ပတ်ဝန်းကျင်ကလူတွေအကြောင်းကို ခန့်မှန်းနိုင်တယ်။ ခင်ဗျားရဲ့ နေထိုင်မှုပုံစံတွေ၊ ခင်ဗျားရဲ့ အပေါင်းအသင်းတွေကအစဖော်ပြပေးနိုင်တဲ့ ဂဏန်းတစ်ခုပါပဲ။
✅ နှလုံးသားဆန္ဒဂဏန်း ( Heart‟s desire Number ) ✅
================================================
ဒီဂဏန်းဟာ ပုဂ္ဂလိကဂဏန်းရဲ့ ဆန့်ကျင်ဘက်ပဲဗျ။ သူက ခင်ဗျားနာမည်ထဲက သရတွေအားလုံးရဲ့ တန်ဖိုးကနေဖြစ်လာတာ... ပုဂ္ဂလိကဂဏန်းက ရုပ်ဆိုရင် သူက နာမ်ပေါ့ဗျ။ ခင်ဗျားတောင်မှ သတိမထားမိလိုက်တဲ့ ခင်ဗျားရဲ့ အတွင်းမသိစိတ်တွေ၊ ခင်ဗျားရဲ့ နှလုံးသားကဖြစ်တည်လာတဲ့ အလိုဆန္ဒတွေ၊ ခင်ဗျားရဲ့ စိတ်ထား၊ အချစ်ရေးတွေ၊ ခင်ဗျားရဲ့ နောက်ကွယ်က အရာတွေ၊ ခင်ဗျားရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ ခင်ဗျားဖြစ်ချင်နေတဲ့အရာတွေကအစ ဖော်ထုတ်ပေးလိမ့်မယ်။
ဒီလို အကြမ်းမျဥ်း နားလည်အောင် အရင်လုပ်ရတယ်ဗျ။ တခါထဲနဲ့ အဆင့်ကျော်ပြီး ခုန်မတက်ရဘူး။ အခုန်မတော်ရင် ပြုတ်ကျမှာပဲ။ ဒါက အဓိကဂဏန်း ၅ ခုကိုပဲ ရှင်းပြသေးတာ... တခြားဂဏန်းတွေဖြစ်တဲ့...
✅ Karmic Lesson Number
✅ Hidden Passion Number
✅ Karmic Debt Number
✅ Challenge Number
✅ Pinnacle Number
✅ Personal Year Number
✅ Essence Cycle Number
စသဖြင့် လေ့လာစရာတွေ အများကြီး ကျန်သေးတယ်ဗျ။ ဒီနေရာမှာ ကျနော်အကြံပေးတာက လောမကြီးဖို့ပဲ။ ခင်ဗျားအနေနဲ့ အလောတကြီး လေ့လာမယ်ဆိုရင် ဂဏန်း ၉ လုံးထဲမှာပဲ ရောရှုပ်ကုန်လိမ့်မယ်ဗျ။ ခု နမူနာ ကျနော်ပြောနေသလို အပိုင်းလေးတွေခွဲခြားပြီး လေ့လာရတယ်။ ဂဏန်းတစ်လုံးစီရဲ့ စွမ်းရည်ကိုလည်း ခွဲခြားတတ်ရတယ်။ မဟုတ်ရင် ပုဂ္ဂလိကဂဏန်းကလည်း 1, နှလုံးသားဆန္ဒဂဏန်းကလည်း 1 ဖြစ်လာရင် 1 အချင်းချင်း တူနေတာပဲလို့ ထင်သွားတတ်တယ်။ ဂဏန်းက ၉ လုံးပဲသုံးထားရတော့ တူမှာပေါ့ဗျ။ ဒါပေမယ့် စွမ်းရည်ချင်းကမတူဘူးနော်။ အဲ့ဒါကို အကျအနသဘောပေါက်သွားရင် ခင်ဗျားဟာ ဂဏန်းဗေဒင်ကို တော်တော်လေးကို ပိုင်နိုင်သွားလိမ့်မယ်ဗျ။ မယုံမရှိနဲ့... လူတချို့ပြောပြောနေကြတယ်။ သူကချမ်းသာလိုက်တာ အတိတ်ကံကောင်းပုံရတယ်။ သူက လှလိုက်တာ အတိတ်က ဘာကုသိုလ်များပြုခဲ့ပါလိမ့်ဆိုတဲ့ စကားမျိုးတွေလေ။ ကြားဖူးကြမှာပေါ့။ အဲ့ဒီ အတိတ်ကံဆိုတဲ့ အထောက်အပံ့တမျိုးဟာ ဂဏန်းဗေဒင်အယူအဆမှာ ပါပြီးသားဗျ။ အဲ့ဒီဂဏန်းကိုတော့ Karmic Debt Number လို့ခေါ်တယ်။ ဒီဂဏန်းရဲ့ စွမ်းရည်တကွက်ကို မှတ်သားလို့ရအောင် ပြောပြမယ်။
✅ ဘဝလမ်းကြောင်းဂဏန်းနဲ့ အဲ့ဒီ Karmic Debt Number ဟာ တူညီနေမယ်ဆိုရင် ခင်ဗျားဝမ်းသာပေတော့... ခင်ဗျားဘာသာ လူနုံ၊ လူအ၊ လူဖျင်းတစ်ယောက်ဖြစ်နေပါစေဦး ခင်ဗျားဟာ မုချ လူတော်ဖြစ်လာလိမ့်မယ်။ ခင်ဗျားဘာသာ တဲစုတ်နဲ့နေရပြီး ကုန်းကောက်စရာမရှိအောင် မွဲပြာကျနေပါစေဦး ခင်ဗျားအနေနဲ့ မုချချမ်းသာလာလိမ့်မယ်။
ဒါကြောင့် ဂဏန်းဗေဒင်ကိုလည်း အထင်မသေးပါနဲ့ဗျ။ လေ့လာရင်၊ သင်ယူရင် စိတ်ဝင်စားစရာ ပညာခန်းတွေ အများကြီး ရှိပါသေးတယ်။
အခု ကျနော်ပြောသွားတဲ့ ဂဏန်းတွေအားလုံးကို ဗေဒင်စွယ်စုံရဲ့ ဂဏန်းဗေဒင်ကဏ္ဍမှာ ခလုတ်တချက်နှိပ်ရုံနဲ့ တွက်ချက်လို့ရပါတယ်။ ဂဏန်းတွေရဲ့ နာမည်ကိုတော့ မြန်မာတွေဖတ်ရလွယ်အောင် မူရင်းနာမည်တွေနဲ့ မပြထားပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စာနဲ့ မျက်စိယဥ်နေသူတွေဟာ မြန်မာလို ပြန်ရေးထားတာတွေ့ရင် ဖတ်ရတာတောင့်တောင့်ကြီးဖြစ်နေတတ်လို့ ကျနော်အားရင်တော့ မူလအမည်လေးတွေနဲ့ တွဲပြီး ဖော်ပြပေးပါဦးမယ်။
ခုတော့ ဖုန်းကနေ စာရိုက်ရတာ မျက်စိလည်း မူးပြီဗျာ... ခဏနားဦးမယ်။
0 Comments
Post a Comment