ဗေဒင်စွယ်စုံရဲ့ မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်မှာ နေ့စဉ်တွက်ချက်မှု အဖြစ် အောက်ပါတွေကို ဖော်ပြပေးထားပါတယ်။


( ၁ ) အင်္ဂလိပ်ပြက္ခဒိန်ရက်စွဲ

( ၂ ) မြန်မာပြက္ခဒိန်ရက်စွဲ

( ၃ ) နေထွက်၊ နေဝင်

( ၄ ) တိတီ

( ၅ ) တိတီမြေခံ

( ၆ ) လက်သမားမြေခံ

( ၇ ) စန်းယှဉ်နက္ခတ်

( ၈ ) စန်းယှဉ်နက္ခတ်ဆိုင်ရာ စုတ်၊ ဥပါဒ်

( ၉ ) မြန်မာ့ရိုးရာ ရက်ဆိုး၊ ရက်ကောင်း


ဒါတွေက မြင်ရတဲ့ အပိုင်းက အချက်အလက်တွေဖြစ်ပါတယ်။ မမြင်ရတဲ့ အပိုင်းတွေကို ဆက်လက်ဖတ်ရှုနိုင်ဖို့ အောက်ဆုံးက ဆက်ဖတ်ရန်ဆိုတဲ့ ခလုတ်ကလေးကို နှိပ်ပေးလိုက်မယ်ဆိုရင် နေ့စဉ်အောက်ပါတွက်ချက်မှုတွေကို မြင်တွေ့ရပါလိမ့်မယ်။


( ၁ ) မင်္ဂလာအခါပေးအင်အားနဲ့ ပြုလုပ်သင့်တဲ့ ကိစ္စတွေ

( ၂ ) စန်းယှဉ်နက္ခတ်အရ ပြုလုပ်သင့်တာတွေ

( ၃ ) တိတီယတြာ

( ၄ ) ဂြဟဇာပွင့်ရာအရပ်နဲ့အသုံးပြုနည်း

( ၅ ) လာဘ်နေ၊ နတ်နေအရပ်

( ၆ ) ဆုတောင်းပြည့်အရပ်

( ၇ ) နေ့စဉ်မွေးဖွားသော ကလေးငယ်တို့ရဲ့ ဇာတာစရိုက်

( ၈ ) နေ့စဉ်ရွတ်ဆိုသင့်တဲ့ လာဘ်ရွှင်ကံကောင်းစေသော ဂါထာ၊ မန္တန် 


အဲဒီထဲကမှ အခု ရှင်းပြချင်တာက စန်းယှဉ်နက္ခတ်ဆိုင်ရာ စုတ်၊ ဥပါဒ်ရွေးနည်းအရ မင်္ဂလာအခါကိစ္စတွေမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို ပြောပြချင်တာပါ။ ဒါတွေကို စနစ်တကျ အသုံးပြုတတ်မယ်ဆိုရင် မိမိအလိုဆန္ဒဆိုင်ရာ ကိစ္စတွေကလည်း မုချ အောင်မြင်လာမှာဖြစ်ပါတယ်။

စန်းယှဉ်နက္ခတ်ဆိုင်ရာ စုတ်၊ ဥပါဒ်ရွေးနည်းအရ နေ့စဉ် အောက်ပါအတိုင်း ကျနော် ပြဆိုထားပါတယ်။ 


မိတ္တူ ထွက် မြေ ၂က ကျား ဗြဟ္မဏ နတ်နက္ခတ် တံငါတာရာ


ဒါက 1/12/2024 နေ့မှာ ကျရောက်နေတဲ့ စန်းယှဉ်နက္ခတ်ဆိုင်ရာ စုတ်၊ ဥပါဒ်ရွေးနည်းအရ ရလဒ်တွေဖြစ်ပါတယ်။ နေ့စဉ်အလိုက် ရလဒ်တွေက မတူနိုင်ဘူးဆိုပေမယ့် ကျနော်ရှင်းပြတာကို သေသေချာချာလေးဖတ်ထားမယ်ဆိုရင် လက်တွေ့ အသုံးချတတ်လာမှာဖြစ်ပါတယ်။


မိတ္တု - နမူနာအရ အရင်ဆုံး မိတ္တုကို မြင်ရပါတယ်။ တကယ်တော့ အဲဒီနေ့ရာမှာ နေ့စဉ်စန်းယှဉ်နက္ခတ်အရ တခြားအပြောင်းအလဲတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနေရာမှာ အောက်ပါအချက်တွေကို မြင်တွေ့နိုင်တဲ့အတွက် သက်ဆိုင်ရာ အကျိုးပေးနဲ့တကွ ရှင်းပြပေးလိုက်ပါတယ်။


ဥပါဒ် = အဖျားအနာ၊ ဘေးရန်

မိတ္တု = အသေအပျောက်

ကာန = ကျိုးကန်းပျက်ကြေ

အမြိတ္တ = စုတ်ကောင်း

လာဘ = လာဘ်ဝင်

သိဒ္ဓိ - အောင်မြင်

၀ရ - လာဘ်ဆက်


ဒါက အတိုချုပ်ရှင်းပြလိုက်တာပါ။ အခု နမူနာပြထားတာက မိတ္တုဆိုတော့ "အသေအပျောက်" လို့ အဓိပ္ပါယ်ရပါတယ်။ မကောင်းဘူးပေါ့ဗျာ။ မကောင်းဘူးဆိုပေမယ့် မကောင်းတာတွေကို ပြုလုပ်နိုင်ဖို့ကို အားပေးတတ်တဲ့ နေ့ဖြစ်ကြောင်း သိထားရပါတယ်။ ဒီတော့ သေစေချင်တဲ့ကိစ္စ၊ ပပျောက်စေချင်တဲ့ကိစ္စ၊ ပျက်စီးစေချင်တဲ့ကိစ္စတွေကို ပြုလုပ်နိုင်ပါတယ်။

ဒါကို ဒီတခုထဲ အသုံးပြုထားတာထက် တခြားအရာတွေနဲ့ ပေါင်းစပ်ပြီး သုံးတာက ပိုကောင်းပါတယ်။ အဲဒါကို အောက်မှာ ဆက်ရှင်းပြပေးပါမယ်။ ခုတော့ ... ထွက် အကြောင်းကို ဆက်ပြောရအောင် ... အဲဒီနေရာမှာတော့ ... အောက်ပါအတိုင်း သုံးမျိုးကို တွေ့မြင်နိုင်ပါတယ်။


အထွက်နက္ခတ် = ထွက်စေ၊ ကြေစေ၊ ပြေစေ၊ ပျောက်စေ၊ ရောဂါကု၊ ပယောဂနှင်၊ အမှုအခင်းပြေပျောက်၊ ယတြာပြု၊ ပညာစသင်၊ နားထွင်း၊ ဆံပင်ညှပ်၊ ကောက်စိုက်၊ ပျိုးကြဲ၊ စစ်ချီတက်။

ခါးပတ်နက္ခတ် = ကာယသိဒ္ဓိ၊ ရှိန်းဆာယာ၊ လက်ဖွဲ့၊ အင်း၊ အိုင်၊ ဆေးမင်ကြောင်ထိုး၊ မန္တန်ရွတ်၊ ဆေးကြိတ်၊ ဆေးကြူး၊ နာမည်ပေး။

အဝင်နက္ခတ် = ချစ်ခင်ပြေလည်ရေး။ တန်ခိုးအာဏာတိုးတက်ရေး၊ ပီယ၊ ဓန၊ အိမ်တက်​၊ ကျောင်းတက်၊ ထိမ်းမြားမင်္ဂလာ၊ မြို့ရွာတည်ထောင်။


အခု ဥပမာအရ ... ထွက်လို့ ရေးထားတဲ့အတွက် အထွက်နက္ခတ်လို့ နားလည်ထားရပါမယ်။ ထွက်စေချင်တာတွေ၊ ပျက်စေချင်တာတွေ စသဖြင့် ပြုလုပ်နိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ အချက်တွေကိုလည်း ရေးပြထားတဲ့အတွက် အသုံးပြုတတ်လောက်မယ်ထင်ပါတယ်။ စောစောက ပြောတဲ့ စုတ်၊ ဥပါဒ်တွေနဲ့ တွဲပြီးသုံးတတ်ရင် ပိုကောင်းပါတယ်။

နောက်တစ်ခုက မြေ လို့ရေးပြထားပါတယ်။ အဲဒီနေရာက ဓာတ်တွေကို ပြချင်တာပါ။ ဓာတ်က လေးမျိုးရှိပါတယ်။ 


မြေ - စုတ်လာဘ်တည်မြဲရေး၊ အဆောက်အအုံတည်ဆောက်ခြင်း၊ တည်မြဲစေလိုမှုကိစ္စများ။

ရေ - စိတ်သောကပြေပျောက်စေဖို့၊ အေးချမ်းစေ၊ စည်းလုံးမှု၊ အိမ်ထောင်ထိမ်းမြားခြင်း၊ စေ့စပ်ပြေလည်ရေး။

မီး နဲ့ လေ = လျင်မြန်၊ ပြောင်းရွေ့၊ ကွဲစေ၊ ခွာစေ၊ ပျက်စီး၊ ဖျက်ဆီး၊ ပူလောင်၊ ယှဉ်ပြိုင်။

( မီး က ပူလောင်၊ ပြင်းထန် ) ( လေက အေးဆေး၊ ပုံမှန် )


အခုဥပမာမှာ ပြထားတာက မြေဆိုတော့ မြေဓာတ်လို့ နားလည်ထားနိုင်ပါတယ်။ မြေဆိုတော့ တည်တန့်ခိုင်မာစေချင်တဲ့ ကိစ္စတွေကို ပြုလုပ်နိုင်တယ်လို့ နားလည်ထားပါ။ နောက်တစ်ခုကတော့  ၂က လို့ အတိုကောက်ရေးပြထားပါတယ်။ နှစ်ဖက်ကန်းဆိုတဲ့ နာမည်ရဲ့ အတိုကောက်ဖြစ်ပါတယ်။

အဲဒီနေရာမှာလည်း အောက်ပါအတိုင်း သုံးမျိုးကို တွေ့မြင်နိုင်ပါတယ်။ 


တဖက်ကန်း ( ၁က ) ရေတွင်းရေကန်တူး၊ စေတီပုထိုး၊ ဂူကျောင်း၊ ဇရပ်၊ အိမ်၊ မဏ္ဍပ်ဆောက်။

တဖက်မြင် ( ၂မ ) ပီယ၊ အင်းအိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ ဆေးထိုးဆေးပေါက်၊ သျှို။

နှစ်ဖက်ကန်း ( ၂က ) ကာယသိဒ္ဓိ၊ ရှိန်းဆာယာ၊ ဝိဇ္ဇာဓိုရ်အတတ်၊ ဌာပနာသွင်း။


သက်ဆိုင်ရာကိစ္စတွေကို ပြုလုပ်နိုင်ပါတယ်။ ဥပမာ ... အခုရက်က ၂က ဆိုတော့ နှစ်ဖက်ကန်းဖြစ်ပါတယ်။ ကာယသိဒ္ဓိဆေးထိုးနှံတာတွေ၊ ရှိန်းဆာယာပိုမောက်တဲ့ ကိုယ်ပျောက်အတတ်တွေစီမံတာတွေ၊ ဝိဇ္ဇာသိဒ္ဓိ၊ မဟိဒ္ဓိဆိုင်ရာကိစ္စတွေပြုလုပ်နိုင်ပါတယ်။

နောက်တစ်ခုက ကျားလို့ရေးပြထားပါတယ်။ ဒါက လိင်ကို ပြောတာပါ။ အောက်ပါအတိုင်း နက္ခတ် သုံးမျိုးရှိပါတယ်။


ကျား = ခိုင်မာပြင်းထန်

မ = ပျော့ပျောင်းအေးဆေး

နပုန်း = ဒွေးဒဟသဘော


ခု ဥပမာမှာတော့ ကျားလို့ ရေးပြထားလို့ ကျားနက္ခတ်ဖြစ်တယ်လို့ နားလည်ထားသင့်ပါတယ်။ ကျားနက္ခတ်အရ ကျားကျားယားယားလုပ်ရမယ့်ကိစ္စတွေ၊ ကရာတေး၊ တိုက်ကွမ်ဒိုကစားတာတွေ၊ ခိုင်ခိုင်မာမာနဲ့ ပြင်းပြင်းထန်ထန်ကိစ္စတွေကို ပြုလုပ်နိုင်တယ်လို့ နားလည်ထားသင့်ပါတယ်။

ဗြဟ္မဏ လို့ရေးထားတဲ့နေရာကတော့ နက္ခတ် ၉ ခိုင်ရဲ့ နာမည်တွေဖြစ်ပါတယ်။ သက်ဆိုင်ရာ နက္ခတ်တွေကို အုပ်စု ၉ စုပြုလုပ်ပြီး သက်ဆိုင်ရာ အုပ်စုတွေကို နာမည်ပေးထားတာပါ။ အဲဒါက ၉ မျိုးရှိပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။


ဒလိဒ္ဒ = သူဆင်းရဲ

သေဋ္ဌ = သူဌေး

စောရ = သူခိုး

ရာဇ = မင်း

ဒေဝီ = မိဖုရား

ယက္ခ = ဘီလူး

အမစ္စ = အမတ်

ဗြဟ္မဏ = ပုဏ္ဏား/သူတော်စင်

သမဏ = ရဟန်း


ဥပမာအရ ဗြဟ္မဏ ဆိုတော့ ပုဏ္ဏား၊ သူတော်စင်လို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။ ဘာတွေလုပ်လို့ရမလဲဆိုတာကို အောက်မှာ ဆက်ရှင်းပြပေးပါမယ်။


ဒလိဒ္ဒ = အနိဌအပျက်နှင့် တန်ပြန်အစီရင်၊ အထွက်နက္ခတ်နှင့် တွဲပေါ်ချိန်စီရင်

သေဌ = လာဘ်နှင့်ဆိုင်သော အဝင်အကောင်းအစီရင်၊ အဝင်နက္ခတ်နှင့်တွဲ

စောရ = ရှိန်းဆာယာ၊ ကာယ၊ ခါးပတ်နက္ခတ်နှင့်တွဲ 

ရာဇ = ရာဇသျှို၊ ပီယသျှို၊ ဒီပံအစီရင် အဝင်နက္ခတ်နှင့်တွဲ ( ပထမတန်းစားအချိန် )

ဒေဝီ = အနုပီယ၊ ပီယသျှို ဒေဝီမှော်အစီရင် အဝင်၊ ခါးပတ်နှင့်တွဲ

ယက္ခ = အကြမ်း၊ အတိုက်၊ တန်ပြန်၊ အထွက်နက္ခတ်နှင့်တွဲ

ပုဏ္ဏက၊ အာဠာ၀က၊ ကာယ၊ အောက်နတ်ဆိုင်ရာ၊ သိုင်းဆိုင်ရာဆေးထိုးအစီရင်များ အဝင်။ ခါးပတ်နှင့်တွဲ 

အမစ္စ = မင်းမှုရေးရာ၊ အထက်လူကြီးကိစ္စ၊ အမှုအခင်း အဝင်နက္ခတ်နှင့်တွဲ ( ဒုတိယတန်းစားအချိန် )

ဗြဟ္မဏ = နတ်၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ ဆရာဖြစ်အင်းလက်ဖွဲ့အစီရင် ... အဝင်၊ ခါးပတ်နှင့်တွဲ 

သမဏ = ဗုဒ္ဓရူပံ၊ စမ၊ ရဟန္တာစမ၊ ရုပ်ထု၊ စေတီတည်၊ ကျောင်းဆောက်၊ ဘာသာရေး အဝင်၊ ခါးပတ်နှင့်တွဲ

အစီရင်များအတွက် ဓာတ်သဘောပါအောင် တွဲစဉ်းစားနိုင်က ပိုကောင်းသည်၊ ရွေးချယ်ရခက်က ဓာတ်သဘောကို လျစ်လျူရှုနိုင် 


ဒါက အတိုချုပ်ရှင်းပြလိုက်တာပါ။ အကျယ်ကို မိမိနားလည်သလို ဆက်လက်စဉ်းစားနိုင်ပါတယ်။ နတ်နက္ခတ် လို့ ရေးပြထားတာကတော့ ကျနော်တို့ မြန်မာတွေ အသိများတဲ့ လူနတ်ဘီလူးရွေးချယ်နည်းပါပဲ။ ဒါပေမယ့် လူအများစုသိထားတဲ့ မြန်မာသက္ကရာဇ်တည်ပြီး ၃ နဲ့စားအကြွင်းယူတဲ့ မူတော့ မဟုတ်ပါဘူး။

သက်ဆိုင်ရာ မွေးဇာတာအရ နက္ခတ်တွေရဲ့အင်အားနဲ့ သတ်မှတ်ထားတဲ့ လူနတ်ဘီလူးဖြစ်ပါတယ်။ ပိုပြီး တိကျပါတယ်။ ဒါကတော့ အသိများနေလို့ အကျယ်မရှင်းတော့ပါဘူး။ မိမိနားလည်သလို၊ ကျွမ်းကျင်သလို အသုံးချနိုင်ပါတယ်။


နောက်ဆုံး တံငါတာရာ လို့ရေးပြထားတာကတော့ သက်ဆိုင်ရာ နက္ခတ်တွေရဲ့ တာရာတွေဖြစ်ပါတယ်။ အခါပေးမှာ အဲဒါထည့်မသုံးပါဘူး။ ဗဟုသုတအဖြစ်သာ ထည့်ပေးထားတာဖြစ်ပါတယ်။ အခုရှင်းပြလိုက်တာက သက်ဆိုင်ရာ စကားစုတွေအတွက် တစ်ခုစီကို နားလည်အောင်ပဲ ရှင်းပြလိုက်တာပါ။ တကယ်က မင်္ဂလာအခါကိစ္စသုံးချင်တယ်ဆိုရင် စနစ်တကျ တွဲစပ်ပြီး အသုံးပြုတတ်ရမှာဖြစ်ပါတယ်။ နမူနာအဖြစ် ကျနော် တွဲစပ်ပြပါမယ်။


အဝင်နက္ခတ်က အမြိတ္တ၊ လာဘ၊ သိဒ္ဓိ နဲ့သာ ကြုံနိုင်

အထွက်နက္ခတ်က ဥပဒ်၊ မိတ္တု၊ ကာန နဲ့သာ ကြုံနိုင်

ခါးပတ်နက္ခတ်က ၀ရနဲ့သာကြုံနိုင်


ဒါက ပုံသေမှတ်သားထားလို့ရတဲ့ ပုံသေနည်းဖြစ်ပါတယ်။ 


( က ) နှစ်ဖက်မြင်၊ အဝင်၊ အမြိတ္တ

ဂြိုဟ်ပြေနံပြေ၊ လင်ကွဲမယားကွဲပြန်ပေါင်း၊ လူဝင်ကုန်ဝင်၊ အာယု၀ဍ္ဎန၊ ပီယ၊ ဝင်စေ၊ တည်စေ၊ မြဲစေအင်းများစီရင်


( ခ ) နှစ်ဖက်မြင်၊ အဝင်၊ လာဘ

လာဘ်ရွှင်ငွေဝင်ကိစ္စ၊ လာဘ်ပေါများစေရန်၊ ဓနသိဒ္ဓိ


( ဂ ) နှစ်ဖက်မြင်၊ အဝင်၊ သိဒ္ဓိ 

ရာထူးတိုး၊ စာမေးပွဲအောင်၊ အလိုဆန္ဒပြည့်၊ အခိုက်ပြေ၊ ဘုန်းမြင့်ကံမြင့်၊ အောင်ဓာတ်ဆင်။


( ဃ ) နှစ်ဖက်မြင်၊ ခါးပတ်၊ ၀ရ

မြင့်မြတ်သောအင်း၊ ဆေး၊ လက်ဖွဲ့၊ အဆောင်ရုပ်ထု၊ စျေးခေါ်၊ ပြန်အောင်းအင်း၊ ကျင့်စဉ်


( င ) နှစ်ဖက်မြင်၊ အထွက်၊ ဥပါဒ်၊ မိတ္တု၊ ကာဏ

အောက်လမ်းအတတ်ပြေစေရန်၊ အတိုက်အခိုက်ဖြေဖျောက်ရန်၊ ကြေပျောက်စေသောအင်းများ


( စ ) တဖက်ကန်း၊ အဝင်၊ အမြိတ္တ၊ လာဘ၊ သိဒ္ဓိ 

တဖက်ကန်း၊ ခါးပတ်၊ ၀ရ 

ဘုရားတည်၊ ကျောင်းဆောက်၊ ရေတွင်းရေကန်တူး၊ ခေါင်းဆေးယတြာ၊ လက်ထပ်မင်္ဂလာ၊ ပစ္စည်းပျောက်၊ လောင်းကစားနိုင်၊ စာမေးပွဲအောင်၊ ဒီပံမျိုးစုံ၊ အကောင်းအဝင်နှင့်ယှဉ်သော အစီရင်များ


( ဆ ) တဖက်ကန်း၊ အထွက်၊ ဥပါဒ်၊ မိတ္တု၊ ကာဏ 

တန်ပြန်အတိုက်အခိုက်ဆိုင်ရာ၊ ဓာတ်ရိုက်ဓာတ်ဆင်၊ အမှုအခင်းလွတ်၊ ဂန္ဓာရီခရီးထွက်၊ ပြောင်းစေ၊ ခွာစေ၊ ရန်နှိမ်၊ ရန်အောင်၊ စုန်းနိုင်၊ ဆရာနိုင်ပယောဂအင်းများစီရင်ရန်။


( ဇ ) နှစ်ဖက်ကန်း၊ အဝင်၊ အမြိတ္တ၊ လာဘ၊ သိဒ္ဓိ

ကာယသိဒ္ဓိ၊ ရှိန်းဆာယာ၊ အန္တိမ၊ တပွဲတိုး ( ကာယသိဒ္ဓိဆိုင်ရာ ဒုတိယတန်းစားအချိန် )


( ဈ ) နှစ်ဖက်ကန်း၊ ခါးပတ်၊ ၀ရ 

ကာယသိဒ္ဓိ၊ ရှိန်းဆာယာ၊ အန္တိမ၊ တပွဲတိုး ( ကာယသိဒ္ဓိဆိုင်ရာ ပထမတန်းစားအချိန် )


( ည ) နှစ်ဖက်ကန်း၊ အထွက်၊ ဥပါဒ်၊ မိတ္တု၊ ကာန

ထိုးထားသောဆေး၊ မလိုအပ်သောဆေးများ ဖြေဖျောက်၊ ပျက်စေရန်၊ ဆေးထိုး၊ ဆေးတိုက်၊ အင်းတိုက်အစီအမံများ စီရင်ရန် 


ဒါက နမူနာ တွဲစပ်ပြတာပါ။ မိမိဉာဏ်ရှိသလို ဆက်လက် အသုံးပြုနိုင်ပါတယ်။


ဗေဒင်စွယ်စုံကို အသုံးပြုချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဗေဒင်စွယ်စုံ