ဆန်းကျမ်းပညာမှာ နာမည်လေးမျိုးရှိကြောင်းကို [ အနွတ္တ၊ ရုဠှီ၊ သညာ၊ သညီ ] ဆိုပြီး လေးမျိုးခွဲခြားပြထားပါတယ်။ အဲ့ဒါကိုတော့ ကျနော်မရှင်းပြတော့ပါဘူး။ ဆရာတော်တော်များများလည်း သိမြင်နားလည်ကြပြီးဖြစ်မှာပါ။ ခုကျနော်ရှင်းပြချင်တာက ရှားပါးပြီး တိမ်မြုပ်ပျောက်ကွယ်လုမတတ်ဖြစ်နေတဲ့ ဝေသာလီဆန်းပညာလာ နာမည် ၅ မျိုးအကြောင်းဖြစ်ပါတယ်။ 


✅ အတ္ထ ( အကြောင်းအနက် တိကျတဲ့ နာမည် ) 

==========================================

ဒီနာမည်မျိုးဟာ အကြောင်းတရားတိကျမှုအပေါ် အခြေခံပြီး ပေးရတဲ့ နာမည်မျိုးဖြစ်ပါတယ်။ အနွတ္တနာမည်မျိုးနဲ့ ဆင်တူပါတယ်။ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုခုကို အစွဲပြုပြီး ပေးကြလေ့ရှိပါတယ်။ ဥပမာအားဖြင့်... ​ခြုံပုတ်ထဲမှာ ကလေးကို မွေးမိလို့ [ မောင်ခြုံ ] လို့ ခေါ်တွင်တာမျိုး။ ဒီဇင်ဘာလထဲမှာ ထူးထူးခြားခြားမိုးရွာသွန်းနေချိန် မွေးမိလို့ [ ဒီဇင်ဘာမိုး ] လို့ နာမည်ပေးလိုက်တာမျိုးကို ဆိုလိုပါတယ်။ 


✅ ဟိတ ( အကျိုးလိုတဲ့ နာမည် ) 

==========================================

ဒီနာမည်မျိုးဟာ အကျိုးတရားတခုခုကို ဖြစ်ပေါ်စေလိုတဲ့ ဆန္ဒနဲ့ ပေးကြတဲ့ အမည်မျိုးကိုပြောတာပါ။ ဥပမာ... မိဘတွေက ဆင်းရဲပေမယ့် သားသမီးကို ချမ်းသာစေလိုတဲ့ စိတ်နဲ့ [ မောင်ချမ်းသာ ] လို့ပေးခြင်းမျိုး၊ အသက်ရှည်စေဖို့ [ ဖိုးသက်ရှည် ] လို့ပေးခြင်းမျိုး ကိုဆိုလိုပါတယ်။


✅ ရုဠှီ ( တင်စားလိုတဲ့ နာမည် ) 

==========================================

ဒီနာမည်မျိုးဟာ တင်စားလိုတဲ့သဘော၊ အမွှန်းတင်လိုတဲ့သဘောမျိုးနဲ့ ပေးရတဲ့နာမည်မျိုးဖြစ်ပါတယ်။ ဥပမာ... လှပတဲ့ ကလေးကို [ လှထိပ်ထား ] လို့ပေးခြင်းမျိုး၊ ဘုရင်မအသွင်ထင်မြင်ရတဲ့အတွက် [ ဧကရီ ] လို့ပေးခြင်းမျိုးကို ဆိုလိုပါတယ်။


✅ သညာ( အမှတ်အသားပြုလိုတဲ့ နာမည် ) 

==========================================

ဒီနာမည်မျိုးဟာ အကြောင်း၊ အနက်ကိုလည်း ဦးစားမပေး၊ အကျိုးကိုလည်း မရည်ရွယ်တဲ့ အမည်မျိုးကိုဆိုလိုပါတယ်။ ဆိုလိုတာကတော့ အမှတ်သညာတစ်ခုဖြစ်ရုံလောက်ကို ပေးကြတဲ့နာမည်မျိုးပါ။ ဥပမာ... [ ဘဒင် ] ဆိုတဲ့အမည်ဟာ အဓိပ္ပါယ်လည်း ယူမရသလို၊ ဘာအကျိုးကိုလိုလားမှန်းလည်း မသိနိုင်ပါဘူး။ ဗျုပ္ပတ်သဘောမပါတဲ့ သဘာဝလည်းရှိပါတယ်။ အမှတ်သညာဖြစ်ရုံလောက်သာရှိပါတယ်။


✅ နိရတ္ထ ( အကျိုးမဲ့ နာမည် ) 

==========================================

ဒီနာမည်က သညာထက်နိမ့်သလို၊ နာမည်ပေးပညာအရလည်း အနိမ့်ဆုံးအမျိုးအစားဖြစ်ပါတယ်။ လူကို မပေးအပ်တဲ့ နာမည်မျိုးတွေနဲ့ ယုတ်နိမ့်တဲ့နာမည်မျိုးတွေကို ဆိုလိုတာပါ။ ဥပမာ... [ မောင်ဆိတ်သိုး ] [ ကြွက်နီမ ] စသဖြင့်ပေါ့။ အပြောင်အပျက်သဘောမျိုးနဲ့ ခေါ်ကြရင်း တွင်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မပေးအပ်တဲ့ အမည်နာမမျိုးဖြစ်ပါတယ်။ 


ဒီနာမည် ၅ မျိုးမှာ အတ္ထ၊ ဟိတ အမည်မျိုးဟာ ပိုကောင်းပါတယ်။ ပေးသင့်ပါတယ်။ ဒါပေမယ့် ဗျုပ္ပတ်မလွန်အောင်ညှိသင့်ပါတယ်။


ရုဠှီအမည်မျိုးက ဗျုပ္ပတ်မလွန်ရင် ပေးလို့ရပါတယ်။ ဒုတိယတန်းစားအမည်ကောင်းအားရှိပါတယ်။


သညာအမည်မျိုးကတော့ အသင့်အတင့်ပါပဲ။ မပေးလည်းရတယ်။ ပေးလည်းရပါတယ်။ သို့သော် မပေးတာက ပိုသင့်တော်ပါတယ်။ ဒီနည်းလမ်းကို မိဘ 70 ရာနှုန်းက မသိကြလို့ အသုံးပြုနေကြပါတယ်။


နိရတ္ထအမည်မျိုးကတော့ လူသားအတွက် မပေးလေ၊ ကောင်းလေပါပဲ။


ချွင်းချက်အနေနဲ့ နိရုတ္တအမည်ဖြစ်ပြီး ကောင်းစားကြတဲ့ သူတချို့တော့ ရှိပါတယ်။ အဲ့ဒါတွေကတော့... ရာဇဝင်ထဲက [ စလေငခွေး ] နဲ့ [ မင်းခွေးချေး] ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ တခေတ်တခါက ရုပ်ရှင်သရုပ်ဆောင် [ ချီးဗူး ] ဖြစ်ပါတယ်။