တနေ့က "မဖြစ်မနေသိထားရမယ့် အခြေခံမှော်သင်္ကေတ ( ၇ ) မျိုး" ဆိုတဲ့ Video လေးတင်ပေးလိုက်တယ်။ မကြည့်ရသေးရင် အောက်ပါလင့်ခ်မှာဝင်ကြည့်ပါ။
https://youtu.be/icGAPgQ9VPY
အနောက်တိုင်းနည်းပညာကို အတန်အသင့် တီးခေါက်မိဟန်တူတဲ့ ညီငယ်တချို့က WhatsApp Group ဖွဲ့ပြီး သူတို့ Group ထဲကို ကျနော့်ကို အတင်းဆွဲထည့်ပြီး တြိဂံတွေ၊ လေးထောင့်တွေကလည်း အခြေခံမှော်သင်္ကေတတွေဖြစ်ရဲ့သားနဲ့ ဘာလို့ Video ထဲမပါရတာလဲလို့ ဝိုင်းမေးကြတယ်။
ပထမဆုံး ညီငယ်တို့ကို ပြောချင်တာက... Group ထဲ အတင်းမထည့်ပါနဲ့... ခွင့်ပြုချက်ကို အရင်တောင်းပါ။ ကျနော့်မှာ အဲ့ဒါတွေကို လိုက်ဖြေဖို့မပြောနဲ့ သင်လက်စသင်တန်းတချို့တောင် ယာယီရပ်နားထားရပါတယ်။ အချိန်သိပ်မရှိလို့ပါ။
ဒုတိယပြောချင်တာက တြိဂံတွေ၊ လေးထောင့်တွေ၊ ကြယ်ပုံတွေဟာ အနောက်တိုင်းလောကီပညာမှာ ပကတိအခြေခံမဟုတ်ပါဘူး။ ပကတိအခြေခံတွေရဲ့နောက်တဆင့်ဖြစ်တဲ့ ဒုတိယအဆင့်ရှိတဲ့ အခြေခံတွေသာဖြစ်ပါတယ်။ ကျနော်ရှင်းပြထားတဲ့ Video ထဲက အခြေခံတွေက ပကတိအခြေခံအဆင့်တွေဖြစ်ပါတယ်။ ပမာပြောရရင်... တြိဂံဟာ ကျနော်ပြောပြထားတဲ့ ပကတိအခြေခံထဲက အလျားလိုက်မျဥ်း ( Horizontal Line ) နဲ့ ဘယ်ညာဒေါင်လိုက်မျဥ်း ( Diagonal Left and Right Lines ) တွေကိုပေါင်းစပ်ပြီး တည်ဆောက်ထားတာပါ။ အခြေခံ ( ၇ ) မျိုးနဲ့ မကင်းပါဘူး။ ဒါ့အပြင် အခြေခံ ( ၇ ) မျိုးထက်လည်း အရင်မကျပါဘူး။ ဒါကြောင့် ဒုတိယအဆင့်လို့ပြောတာပါ။ အတတ်ပညာတစ်ခုအကြောင်းကို တိတိကျကျတကယ်သိထားချင်ရင် တကယ်တတ်ကျွမ်းနားလည်ထားတဲ့သူဆီကနေ စနစ်တကျသင်ယူထားပါ။ အခုလိုတွေ Group လုပ်ပြီး အတင်းခေါ်၊ အတင်းမေးတာမျိုးတွေမလုပ်ပါနဲ့။ ကျနော် အချိန်ကုန်ခံပြီး ဖြေမှာမဟုတ်ပါဘူး။ ရေးလက်စနဲ့ ဖတ်ရတဲ့သူတွေ နဲနဲ ဗဟုသုတရအောင် တြိဂံအကြောင်းပြောပြပါဦးမယ်။ တကယ်တမ်းသင်္ကေတတွေအကြောင်း တိတိကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင် SOM သင်တန်းတက်ထားပါ။ သင်တန်းခွဲအမျိုးအစားအလိုက် စာရင်းပေးသင်ကြားနိုင်ပါတယ်။ လူတိုင်းတော့ လက်မခံပါဘူး။ ဒီလိုသင်ထားမှလည်း ရှင်းရှင်းလင်းလင်းနားလည်ပါလိမ့်မယ်။ မဟုတ်ရင် ဟိုတစ၊ ဒီတစနဲ့ ပညာမစုံဖြစ်တတ်ပါတယ်။ မစုံတဲ့ပညာက အဆိပ်လို အန္တရာယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။
တြိဂံအကြောင်း
===============
တြိဂံကတော့ သင်္ချာ ( ၂ ) သင်ထားဖူးရင် ကောင်းကောင်းနားလည်ကြမှာပါ။ ခုကျနော်ပြောပြမှာက သုံးနားညီတြိဂံအကြောင်းဖြစ်ပါတယ်။ ဒီမှာတော့ သင်္ချာအကြောင်းပြောမှာမဟုတ်ပါဘူး။ မှော်ပညာသုံး သင်္ကေတရဲ့ရှုထောင့်ကနေ တင်ပြမှာဖြစ်ပါတယ်။ သုံးနားညီ တြိဂံတစ်ခုရဲ့ အနှစ်ချုပ်အဓိပ္ပါယ်က...
✅ ဟန်ချက်ညီမှု၊ တည်ငြိမ်မှုနဲ့ အင်အားသုံးရပ်ကို ကိုယ်စားပြုပါတယ်။
ဒါကြောင့် သူ့ကိုအသုံးပြုပြီဆိုရင် မှော်အင်အားတိုးမြှင့်ဖို့ကိစ္စတွေ၊ စွမ်းအင်တခုကို ဦးတည်ချက်တခုဆီရောက်စေလိုတဲ့ကိစ္စတွေ၊ ဟန်ချက်ညီစေလိုတဲ့ ကိစ္စတွေမှာ အသုံးပြုပါတယ်။
ကျနော်ပြောတဲ့အထဲမှာ "အင်အားသုံးရပ်" ဆိုတာပါလာတယ်။ ဒီတော့ အဲ့ဒီအကြောင်းကို နည်းနည်းထပ်ရှင်းပြမယ်။
အင်အားသုံးရပ်
==============
အင်အားသုံးရပ်ဆိုတာ တြိဂံတစ်ခုရဲ့ အနက်အဓိပ္ပါယ်နဲ့ စွမ်းအင်တွေကို ကိုယ်စားပြုပါတယ်။ တြိဂံတစ်ခုမှာ ထောင့်သုံးထောင့်ပါဝင်ပြီး ထောင့်တစ်ခုစီတိုင်းဟာ မတူညီတဲ့စွမ်းအင်နဲ့ အဓိပ္ပါယ်တွေကို ကိုယ်စားပြုပါတယ်။
✅ ပထမထောင့် ( First Point )
တြိဂံရဲ့ စတင်ရေးဆွဲခံရတဲ့ ထောင့်ကိုပြောတာပါ။ ဒီထောင့်က စတင်မှု၊ ဖန်တီးမှုနဲ့ စွမ်းအင်တွေရဲ့ အစကို ကိုယ်စားပြုပါတယ်။ ဒီထောင့်က စွမ်းအင်တွေကို စတင်စေဖို့၊ ဖန်တီးဖို့နဲ့ ဦးတည်ချက်တွေကို အားဖြည့်ပေးဖို့ ကူညီပါတယ်။
✅ ဒုတိယထောင့် ( Second Point )
အစမျဥ်းကနေစပြီးတွက်ရင် အဲ့ဒီအစမျဥ်းရဲ့အဆုံးမှတ်ဖြစ်တဲ့ ဒုတိယထောင့်ကိုပြောတာပါ။ ထိန်းသိမ်းမှု၊ တည်ငြိမ်မှုနဲ့ စွမ်းအင်ရဲ့ ဟန်ချက်ညီမှုကို ကိုယ်စားပြုပါတယ်။ ဒီထောင့်ဟာ စွမ်းအင်တွေကို ထိန်းသိမ်းဖို့၊ တည်ငြိမ်စေဖို့နဲ့ ဟန်ချက်ညီစေအောင် ထိန်းညှိပေးပါတယ်။
✅ တတိယထောင့် ( Third Point )
ဒီထောင့်က ဒုတိယထောင့်ကိုဖြစ်စေတဲ့မျဥ်းကနေ စတွက်ရင် အဲ့ဒီမျဥ်းရဲ့အဆုံးမှတ်ကိုဖြစ်စေတဲ့ ထောင့်ကိုပြောတာပါ။ ပြီးဆုံးမှု၊ ပြောင်းလဲမှုနဲ့ စွမ်းအင်ရဲ့ အဆုံးသတ်ကို ကိုယ်စားပြုပါတယ်။ ဒီထောင့်ဟာ စွမ်းအင်တွေကို အဆုံးသပ်ဖို့ ၊ ပြောင်းလဲမှုတွေကိုဖန်တီးဖို့နဲ့ နောက်ဆုံးအဆင့်ကိုရောက်ရှိစေဖို့ အားဖြည့်ပေးပါတယ်။
ကျနော်ပြောခဲ့တဲ့အထဲမှာ "စွမ်းအင်" ဆိုတဲ့အသုံးအနှုန်းတွေပါဝင်ပါတယ်။ တြိဂံရဲ့ စွမ်းအင်သုံးရပ်အကြောင်းလည်း နည်းနည်းထည့်ပြောမှ ပြည့်စုံနိုင်ပါတယ်။
စွမ်းအင်သုံးရပ်
==============
စောစောကပြောပြခဲ့တဲ့ အင်အားသုံးရပ် စွမ်းအင်သုံးရပ်အဖြစ် အောက်ပါအတိုင်း နားလည်ထားသင့်ပါတယ်။
✅ ဖန်တီးမှုစွမ်းအင် ( Creative Energy )
ပထမထောင့်က ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုပါတယ်။
✅ ထိန်းသိမ်းမှုစွမ်းအင် ( Sustaining Energy )
ဒုတိယထောင့်က ထိန်းသိမ်းမှုစွမ်းအင်ကို ကိုယ်စားပြုပါတယ်။
✅ ဖျက်သိမ်းမှုစွမ်းအင် ( Destructive/Transformative Energy )
တတိယထောင့်က ဖျက်သိမ်းမှု (သို့) ပြောင်းလဲမှုစွမ်းအင်ကို ကိုယ်စားပြုပါတယ်။
ပြီးတော့ တြိဂံတစ်ခုရဲ့ စတင်ထောင့်ဟာ အခြေခံအားဖြင့် လေးမျိုးရှိပါတယ်။ အဲ့ဒါကိုလည်း အနည်းငယ်ထည့်ရှင်းပြပေးပါမယ်။
✅ အပေါ်ကို ဦးတည်တဲ့ တြိဂံ ( Upward-Pointing Triangle )
ဒီတြိဂံက "အမျိုးသားစွမ်းအင်" ကိုကိုယ်စားပြုပါတယ်။ ဖန်တီးမှု၊ တက်ကြွမှု၊ မီး ( သို့ ) နေရောင်ခြည်ရဲ့ စွမ်းအင်တွေနဲ့ ဆက်စပ်ပါတယ်။ ဒီတြိဂံက စွမ်းအင်တွေကို အပေါ်ဘက်ကို ဦးတည်စေပြီး၊ ဖန်တီးမှုနဲ့ အားကောင်းတဲ့ စွမ်းအင်တွေကို ဖော်ဆောင်ပေးပါတယ်။
✅ အောက်ကို ဦးတည်တဲ့ တြိဂံ ( Downward-Pointing Triangle )
ဒီတြိဂံက "အမျိုးသမီးစွမ်းအင်" ကိုကိုယ်စားပြုပါတယ်။ လက်ခံမှု၊ ပြုပြင်မှု၊ ရေ ( သို့ ) လရဲ့ စွမ်းအင်တွေနဲ့ ဆက်စပ်ပါတယ်။ ဒီတြိဂံက စွမ်းအင်တွေကို အောက်ဘက်ကို ဦးတည်စေပြီး၊ လက်ခံမှုနဲ့ ပြုပြင်မှုတွေကို ဖော်ဆောင်ပေးပါတယ်။
✅ ဘယ်ဘက်ကို ဦးတည်တဲ့ တြိဂံ ( Left-Pointing Triangle )
ဒီတြိဂံက အတိတ်၊ ပြန်လည်သုံးသပ်မှု၊ အတွေ့အကြုံတွေကို လေ့လာမှုနဲ့ ဆက်စပ်ပါတယ်။ စွမ်းအင်တွေကို အတိတ်ဘက်ဆီ ဦးတည်စေပြီး၊ ပြန်လည်သုံးသပ်မှုနဲ့ အတွေ့အကြုံတွေကို လေ့လာဖို့ အားပေးပါတယ်။
✅ ညာဘက်ကို ဦးတည်တဲ့ တြိဂံ ( Right-Pointing Triangle )
ဒီတြိဂံက အနာဂတ်၊ တိုးတက်မှု၊ ရှေ့ဆက်လှမ်းမှုနဲ့ ဆက်စပ်ပါတယ်။ စွမ်းအင်တွေကို အနာဂတ်ဘက်ဆီ ဦးတည်စေပြီး၊ တိုးတက်မှုနဲ့ ရှေ့ဆက် တက်လှမ်းမှုတွေကို အားပေးပါတယ်။
ဒါက မှော်ပညာရဲ့ ဒုတိယအဆင့်အခြေခံသင်္ကေတတစ်ခုဖြစ်တဲ့ တြိဂံရဲ့သဘောကို ဗဟုသုတဖြစ်ရုံလောက် ရေးသားတင်ပြလိုက်တာပါ။ သိစေချင်တာက အနောက်တိုင်းအဆောင်တံဆိပ်တွေဟာ ပြီးပြီးရော တည်ဆောက်ဖန်တီးထားကြတာမျိုးမဟုတ်ပါဘူး။ အဆောင်တံဆိပ်တိုင်းမှာ စနစ်ကျတဲ့ အဓိပ္ပါယ်တွေပါဝင်ပါတယ်။ ဒါကို တိတိပပ နားမလည်ကြလို့သာ အသေးစိတ်မသိကြတာပါ။ ဒါတွေအကုန်နားလည်အောင်လို့ အမှန်တကယ်နားလည်တတ်ကျွမ်းထားသူဆီမှာ အချိန်ပေးပြီးသင်ယူထားဖို့လိုပါတယ်။ ဒီလိုအရာတွေက တတ်ယောင်ကားလုပ်လို့မရပါဘူး။ ဟိုတစ၊ ဒီတစသင်ယူထားရုံနဲ့ မတတ်မြောက်ပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း နားလည်ထားစေချင်တာပါ။ ခုကျနော်ရေးပြတဲ့ တြိဂံအကြောင်းဖတ်ပြီး... ငါတို့တော့ တြိဂံရဲ့လျှို့ဝှက်ချက်ကို အကုန်သိသွားပြီလို့ မထင်ပါနဲ့ဦး... ကျနော့်စကားထဲမှာပါပြီးဖြစ်ပါတယ်။ ဗဟုသုတရရုံရေးထားတာပါ။ သင်တန်းမဟုတ်တဲ့အတွက် သင်ရိုးကုန်ဖွင့်ဆိုထားခြင်းမျိုးမဟုတ်ပါဘူး။ ကဲ... ခုလောက်ဆို သိသင့်တဲ့ ဗဟုသုတလောက်တော့ သိနိုင်လောက်ပြီထင်ပါတယ်။ ဒီထက်အကျယ်သိချင်ရင်တော့ SOM သင်တန်းမှာ လေ့လာကြပေါ့ဗျာ...
0 Comments
Post a Comment