ဒီပညာရပ်ကို တင်ပေးဖို့ အစီအစဥ်မရှိပေမယ့် ကျနော့်ဆီ မကြာခဏပစ္စည်းပျောက်လာလာမေးနေကြတာက တကြောင်း၊ ဂဏန်းဗေဒင်ပညာနဲ့ ပစ္စည်းပျောက်ဘယ်လိုဟောရသလဲဆိုပြီး ဂဏန်းဗေဒင်ပညာ သင်တန်းသားတွေက မကြာခဏမေးနေကြတာက တကြောင်း၊ တွက်ပုံလွယ်ကူပြီး အလွယ်တကူခန့်မှန်းနိုင်၊ အသုံးပြုနိုင်တဲ့ နည်းလမ်းဖြစ်နေတဲ့အတွက် လူတိုင်း ဗဟုသုတရှိထားရင် အကျိုးမယုတ်နိုင်လို့ ထင်မိတာက တကြောင်းတို့ကြောင့် ပညာတစ်ရပ်ကို မျှဝေပေးလိုက်ပါတယ်။
ဂဏန်းဗေဒင်ပညာနဲ့ ပစ္စည်းပျောက်ဟောမယ်ဆိုရင် အောက်ပါအချက်သုံးချက်ကို တွက်ချက်ရပါမယ်။
✅ ပျောက်တဲ့ရက်စွဲ ( သို့ ) ပစ္စည်းပျောက်လာမေးတဲ့ရက်စွဲ
✅ ပျောက်တဲ့အချိန် ( သို့ ) လာမေးတဲ့အချိန်
✅ ပျောက်တဲ့ပစ္စည်း ( သို့ ) ပိုင်ရှင်အမည်
အသေးစိတ်နားလည်သွားအောင် ဥပမာတွေနဲ့ ရှင်းပြပေးပါမယ်။ သေသေချာချာဖတ်ပါ။ လက်တွေ့ချတွက်ကြည့်ပါ။
✅ ပျောက်တဲ့ရက်စွဲ ( သို့ ) ပစ္စည်းပျောက်လာမေးတဲ့ရက်စွဲ
================================================
ပစ္စည်းပျောက်ကို ကိုယ်တိုင်ပျောက်လို့ တွက်ရတဲ့အခိုက်အတန့်လည်းရှိချင်ရှိမယ်။ ကိုယ့်ကို လာမေးလို့ ဖြေရတဲ့အခိုက်အတန့်လည်း ရှိချင်ရှိမယ်။ ကိုယ်တိုင်ပျောက်လို့တွက်တာမျိုးဆိုရင် ပျောက်တဲ့ရက်စွဲတော့ ကိုယ့်ဟာကိုယ်သိမှာပေါ့။ တကယ်လို့ အတိအကျမသိရင်လည်း ကိုယ်သတိထားမိလိုက်တဲ့ ရက်စွဲကိုယူပေါ့။ ကိုယ့်ဆီလာမေးလို့ဖြေပေးရတာမျိုးဆိုရင်လည်း မေးသူက သူ့ပစ္စည်းပျောက်တဲ့ရက်မှတ်မိနေရင် အဲ့ဒီရက်စွဲယူပေါ့... မေးသူက ယောင်ဝါးဝါးဖြစ်နေရင် သူလာမေးတဲ့ရက်စွဲကိုသာယူလိုက်ပါ။ ရက်စွဲယူဆိုတာ နှစ်၊ လ၊ ရက် သုံးမျိုးလုံးကိုပြောတာနော်။ ဥပမာ... 23.2.2025 မှာ ရွှေပျောက်တယ်ဆိုပါစို့... ဒါဆို ပျောက်တဲ့ရက်စွဲက 23.2.2025 ပေါ့။ အဲ့ဒါတွေကို တစ်လုံးထဲဂဏန်းဖြစ်အောင်ပေါင်းပြီး... ရက်ဂဏန်းလို့ မှတ်ထားလိုက်ပါ။
ဥပမာအရ... 23.2.2025
23+2+2025 = 2050 = 2+0+5+0 = 7
ရက်ဂဏန်း = 7
✅ ပျောက်တဲ့အချိန် ( သို့ ) လာမေးတဲ့အချိန်
======================================
ပစ္စည်းပျောက်တဲ့အချိန်ကို အတိအကျ မမှတ်မိကြတာများတယ်။ ပျောက်တဲ့အချိန်အတိအကျသိနေရင်လည်း အဲဒီသူခိုးမိနေပြီပေါ့ဗျာ... ဒီမှာပြောချင်တဲ့ ပျောက်တဲ့အချိန်ဆိုတာက ပစ္စည်းပျောက်မှန်း ကိုယ်တိုင် သတိထားမိလိုက်တဲ့အချိန်ကိုပြောတာ... ဒါကို မေးသူကသိနေရင်တော့ အချိန်ကိုရယူပေါ့၊ ယောင်ဝါးဝါးလုပ်နေရင် သူလာမေးတဲ့အချိန်ကိုသာယူလိုက်ပါ။ အချိန်ယူဆိုတဲ့နေရာမှာ နာရီ၊ မိနစ်၊ စက္ကန့်ထိ သိတော့လည်း ယူပေါ့။ မသိရင်လည်း နာရီ၊ မိနစ်လောက်ထိ သိရင် လုံလောက်ပါတယ်။ ဥပမာဗျာ... ရွှေပျောက်တာကို ကိုယ်သတိထားမိလိုက်တာက ညနေ ၅း၂၀ မိနစ်ဆိုပါစို့။ နေ့လည် ၁၂ နာရီကျော်နေရင် နာရီမှာ ၁၂ ပေါင်းပေးရတယ်။ အခုဥပမာက ညနေ ၅း၂၀ ဆိုတော့ ၁၂ ပေါင်းပြီး ၁၇း၂၀ လို့နားလည်ထားရမယ်။ အဲ့ဒါကို တစ်လုံးထဲဂဏန်းဖြစ်အောင်ပေါင်းပြီး အချိန်ဂဏန်းလို့ မှတ်ထားလိုက်ပါ။
ဥပမာအရ... ညနေ ၅း၂၀ ( ၁၇း၂၀ )
17+20 = 37 = 3+7 = 10 = 1+0 = 1
အချိန်ဂဏန်း = 1
✅ ပျောက်တဲ့ပစ္စည်း ( သို့ ) ပိုင်ရှင်အမည်
=====================================
ဒီအဆင့်မှာ ပျောက်တဲ့ပစ္စည်းရဲ့နာမည်က အရေးကြီးတယ်။ ဒါပေမယ့်လည်း လိုလိုပိုပို ပိုင်ရှင်ရဲ့အမည်ကိုပါတွက်ထားလိုက်သင့်တယ်။ လိုရင်သုံးဖို့ပေါ့... ဒါပေမယ့် တကယ်တမ်းအလုပ်လုပ်မှာက ပျောက်တဲ့ပစ္စည်းနာမည်နဲ့ အလုပ်လုပ်ရမှာ... ပျောက်တဲ့ပစ္စည်းဆိုတဲ့နေရာမှာလည်း မေးသူက ရွှေပျောက်လို့ဆိုပြီး ယေဘုယျဆန်ဆန်ပြောလာတတ်တယ်။ ဒါဆို ဟောသူက သေချာအောင်မေး၊ မဟုတ်ရင် တွက်ချက်ပုံလိုအပ်ချက်ကြောင့် အဟောတွေပိုလွဲကုန်တတ်တယ်။ ဥပမာ... ရွှေဆိုတာကဟုတ်ပါပြီ။ လက်စွပ်လား၊ လက်ကောက်လား၊ နားကပ်လား စသဖြင့်မေးပါ။ တခါတရံ မေးသူက စိန်လက်စွပ်လို့လည်းပြောလာနိုင်တယ်။ ဒီအခါ စိန်ကအဓိကလား၊ ရွှေကအဓိကလားဆိုတာ ဟောသူကဆုံးဖြတ်ပြီးဖြစ်နေရမယ်။ ခုဥပမာမှာတော့ လက်စွပ်ပျောက်တယ်ပဲထားကြပါစို့.... ဒါဆို တွက်ချက်နိုင်ဖို့ လက်စွပ်ကို အင်္ဂလိပ်လိုရေးရမယ်။ Ring ပေါ့။ တခါတလေ ဟောမယ့်သူက အင်္ဂလိပ်စာ သိပ်မရတာမျိုး၊ ရုတ်တရက် အင်္ဂလိပ်လိုဘယ်လိုခေါ်တာမျိုးမသိတဲ့အခိုက်အတန့်လည်းရှိနိုင်တယ်။ ဒီအခါမျိုးမှာ Google Translate သုံးပြီး မြန်မာကနေ အင်္ဂလိပ်ပြောင်းကြည့်နိုင်တယ်။ တခါတရံ အဲ့ဒါကလည်း အဖြေစိတ်အချရဘူး။ ဒီတော့ အကောင်းဆုံးက မြန်းဂလိလို့ခေါ်တဲ့ မြန်မာအသံထွက်အတိုင်း အင်္ဂလိပ်လိုရေးရတဲ့ နည်းလမ်းကို အသုံးပြုပါ။ ဒါလည်း ရပါတယ်။ ဟောစမှာ အမှားရှိလာနိုင်ပေမယ့် ဟောပါများရင် လမိုင်းကပ်လာပါလိမ့်မယ်။ ဒီအကြောင်း အကျယ်ထပ်ရှင်းရရင် စာပိုရှည်နိုင်လို့ ချန်ထားလိုက်မယ်။ မြန်းဂလိလိုတောင် မရေးတတ်ပါဘူးဆရာရယ်ဆိုသူများကတော့ ဗေဒင်စွယ်စုံဝယ်သုံးပါ။ အဲ့ဒီအထဲမှာ တွက်ချက်နည်းပါပါတယ်။ ခုတော့ ဥပမာအရပဲ ဆက်သွားပါမယ်။ ဒီလို နာမည်ရပြီဆိုမှ အက္ခရာကနေ ဂဏန်းတွေဖလှယ်ယူပြီး တစ်လုံးထဲဂဏန်းဖြစ်အောင်ပေါင်းထားလိုက်ပေါ့ဗျာ။ ပြီးရင် ဂဏန်းတွေကို သက်ဆိုင်သလို မှတ်ထားလိုက်ကြပေါ့။ အက္ခရာကနေ ဂဏန်းဖလှယ်ရာမှာ နည်းလမ်းအမျိုးမျိုးရှိတယ်။ အခုနည်းအတွက်ကတော့ ကျနော်ပြထားတဲ့ဇယားကိုပဲအသုံးပြုပါ။
ဥပမာ... Ring
Ring = 9+9+5+7 = 30 = 3+0 = 3
ပစ္စည်းဂဏန်း = 3
ပစ္စည်းပျောက်သူ ... Thuta Sann
Thuta Sann = 2+8+3+2+1+1+1+5+5 = 28 = 2+8 = 10 = 1+0 = 1
ပိုင်ရှင်ဂဏန်း = 1
ခုတွက်ချက်ထားတဲ့ဂဏန်းတွေကို ပြန်စုလိုက်ရင် အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်။
23.2.2025 ညနေ 5:20 Thuta Sann မှ ရွှေလက်စွပ်ပျောက်
=================================================
✅ ရက်ဂဏန်း = 7
✅ အချိန်ဂဏန်း = 1
✅ ပစ္စည်းဂဏန်း = 3
✅ ပိုင်ရှင်ဂဏန်း = 1
အဲ့ဒီဂဏန်းတွေကို ဘယ်လိုလက်တွေ့သုံးပြီး ဟောပြောရမလဲဆိုတဲ့ ဥပဒေသတွေကို ဆက်ပြောပါမယ်။ မိမိဥာဏ်ရှိသလို အသုံးပြုပါ။
✅ ပစ္စည်းပျောက်ပုံ
==================
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း = လုံးချင်းဂဏန်း
👉 1-5-9 = သူခိုးခိုးခံရတာပါ။
👉 2-3-4-6-8 = အခိုးခံရခြင်းမဟုတ်၊ မူလနေရာမှ ရွေ့သွားခြင်း၊ တစုံတယောက်က ယူသိမ်းခြင်း။
👉 7 = ကျပျောက်ခြင်း၊ မေ့ကျန်ခြင်း၊ အထားမှားခြင်း
ဥပမာအရတွက်မယ်ဆိုရင်... ရက်ဂဏန်း 7 နဲ့ အချိန်ဂဏန်း 1 ကို ပေါင်းလိုက်တဲ့အခါ 8 ရတဲ့အတွက် လက်စွပ်ပျောက်တာဟာ သူခိုးခိုးခံရတာမဟုတ်ပါဘူး။ အဲ့ဒီနေရာမှာပဲရှိနိုင်ပါတယ်။ ဒါမှမဟုတ် တစုံတယောက်က ယူသိမ်းတာကို ကိုယ်ကမသိလိုက်တာမျိုးဖြစ်မှာပါ။
ဒီနေရာမှာ မူကွဲ နောက်တနည်းရှိပါတယ်။ ကြိုက်ရာသုံးနိုင်ဖို့ ပြောပြပါမယ်။
ဒီနည်းက အချိန်ဂဏန်းနဲ့ ပစ္စည်းဂဏန်းကို လုံးချင်းဂဏန်းဖြစ်အောင်ပေါင်းပြီး... အောက်ပါအတိုင်းယူဆတာပါ။
👉 1 = ( ခိုးယူခံရခြင်း ) တစုံတယောက်က ယူသွားတဲ့သဘော
👉 2 = ( မတော်တဆ ) ကိုယ်တိုင် အထားမှားတဲ့သဘော
👉 3 = ( ထွက်ခွာခြင်း ) မတော်တဆဖြစ်ပြီး တခြားတနေရာရောက်သွားတဲ့သဘော
👉 4 = ( တည်ငြိမ်ခြင်း ) သိုလှောင်ခံရပြီး နေရာအနီးအနားမှာရှိနေတဲ့သဘော
👉 5 = ( ကျပျောက်ခြင်း ) သွားလာရင်း ကျပျောက်တဲ့သဘော
👉 6 = ( သိမ်းထားခြင်း ) အတွင်းလူတဦးဦးက သိမ်းပေးထားတဲ့သဘော
👉 7 = ( လျှိုဝှက်ခြင်း ) မေ့ကျန်ပြီး လျှိုဝှက်နေရာအနီးအနားသဘော
👉 8 = ( သက်တမ်းကုန် ) အပြီးပျောက်၊ ပြန်မရနိုင်တဲ့သဘော
👉 9 = ( သယ်ယူခြင်း ) တစုံတယောက် အပြီးသယ်သွားတဲ့ သဘော
ဥပမာအရတွက်ရမယ်ဆိုရင် အချိန်ဂဏန်း 1 ပစ္စည်းဂဏန်း 3 ဖြစ်လို့ 4 ရတဲ့အတွက် တည်ငြိမ်ခြင်းဖြစ်ပါတယ်။ သိုလှောင်ခံရတာမျိုးပါ။ ဗူးတခုခုထဲ သိုလှောင်ခံရတာမျိုးဖြစ်နိုင်ပြီး အဲဒီနေရာဝန်းကျင်မှာပဲ တည်ရှိနေမယ်လို့ ဟောနိုင်ပါတယ်။
နောက်ထပ် မူကွဲလည်းရှိတာကြောင့် တဆက်ထဲပြောပြပါဦးမယ်။ ဒီနည်းက အချိန်ဂဏန်းနဲ့ ပစ္စည်းဂဏန်းအရ တွက်ပါတယ်။
👉 1-5 = ကျပျောက်တာပါ။ အလျင်စလိုလုပ်မိလို့ဖြစ်နိုင်တယ်။
👉 2-6 = နေရာအထားမှားတာပါ။ တစုံတဦးကို မေးကြည့်လို့ရတယ်။
👉 3-7 = အခိုးခံရတာပါ။ လူစည်ကားတဲ့နေရာမှာဖြစ်နိုင်တယ်။
👉 4-8 = အိမ်ထဲမှာ နေရာအထားမှားတာ။ ဖုံးကွယ်နေတာဖြစ်မယ်။
👉 9 = တယောက်ယောက် အပြီးပိုင်သွားပါပြီ။
ဥပမာအရတွက်ရမယ်ဆိုရင် အချိန်ဂဏန်း 1 ပစ္စည်းဂဏန်း 3 ဖြစ်လို့ 4 ရတဲ့အတွက် အိမ်ထဲမှာပဲရှိမယ်။ တခုခုနဲ့ဖုံးကွယ်ထားတယ်။ ဗူးတွေ၊ ခွက်တွေထဲလည်းဖြစ်နိုင်တယ်။
နောက်ထပ်မူကွဲတစ်ခုက...
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း = လုံးချင်းဂဏန်း
👉 4-8 = အခိုးခံရတာပါ။
👉 2-6 = ကျပျောက်တာပါ။
👉 1-3-5-9 = နေရာအထားမှားတာပါ။
ဥပမာအရတွက်မယ်ဆိုရင်... ရက်ဂဏန်း 7 နဲ့ အချိန်ဂဏန်း 1 ကို ပေါင်းလိုက်တဲ့အခါ 8 ရတဲ့အတွက် အခိုးခံရတာလို့ ဟောနိုင်ပါတယ်။
✅ ခိုးသူသွင်ပြင်
================
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း+ပစ္စည်းဂဏန်း = လုံးချင်းဂဏန်း
👉 1-3-5-9 = ကျား
👉 2-4-6-8 = မ
👉 7 = ကျားမမကွဲ၊ လိင်မကွဲသူ၊ မူကွဲ = ကျား
👉 1-2-3 = ငယ်သူ
👉 4-5-6 = အရွယ်လတ်
👉 7-8-9 = အသက်ကြီးသူ
ဥပမာအရ... ရက်ဂဏန်း 7 + အချိန်ဂဏန်း 1 + ပစ္စည်းဂဏန်း 3 ဖြစ်လို့ ပေါင်းလိုက်ရင် 2 ရပါတယ်။ ဒီတော့ သူခိုးသာ အခိုးခံရတာဆိုရင် အသက်ငယ်တဲ့ မိန်းကလေး ( ကလေးမလေး ) တစ်ယောက်ယူတာပါ။ သူခိုးမဟုတ်ခဲ့ရင် သူကယူသိမ်းပေးထားတာလည်း ဖြစ်နိုင်ပါတယ်။
✅ ပစ္စည်းရှိနိုင်တဲ့ နေရာ
======================
ဒီနည်းက အထားမှား၊ မေ့ကျန်ပြီး ပျောက်တာမျိုးအတွက် သုံးနိုင်ပါတယ်။
ဥပဒေသ = အချိန်ဂဏန်း+ပစ္စည်းဂဏန်း = လုံးချင်းဂဏန်း
မူကွဲတနည်း = အချိန်ဂဏန်း+ပစ္စည်းဂဏန်း+ပိုင်ရှင်ဂဏန်း = လုံးချင်းဂဏန်း
👉 1-5-9 = ပြင်ပ၊ လမ်းဘေး၊ ယာဥ်ကားအနီး
👉 2-6-8 = အိမ်အတွင်း၊ ရေချိုးခန်း၊ မီးဖိုခန်း
👉 3-4 = စာကြည့်ခန်း၊ အလုပ်စားပွဲ၊ မျက်နှာကျက်
👉 7 = မမြင်နိုင်တဲ့နေရာ၊ ဗူးထဲ၊ ခွက်ထဲ၊ စင်အောက်
ဥပမာ... အချိန်ဂဏန်း 1 + ပစ္စည်းဂဏန်း 3 = 4 ဖြစ်လို့ စာကြည့်ခန်းထဲက စာအုပ်၊ စာရွက်တွေအနား၊ အလုပ်စားပွဲအနီး၊ မျက်နှာကျက်လိုနေရာမျိူးတွေမှာရှိနိုင်တယ်လို့ ယူဆနိုင်ပါတယ်။
✅ ပျောက်တဲ့ပစ္စည်း ပြန်ရမရ ( Recoverability )
==========================================
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း+ပစ္စည်းဂဏန်း = လုံးချင်းဂဏန်း
👉 1-3-5 = ပြန်ရဖို့ အခွင့်အလမ်းများတယ်၊ ကိုယ်တိုင်ရှာရင် တွေ့နိုင်တယ်။
👉 2-6 = ပြန်ရဖို့ အခွင့်အလမ်း အလယ်အလတ်၊ တခြားသူတွေရဲ့ အကူအညီ လိုနိုင်တယ်။
👉 4-8 = ပြန်ရဖို့ ခက်တယ်၊ အချိန်ကြာမှ တွေ့နိုင်တယ်။
👉 7-9 = ပြန်ရဖို့ အခွင့်အလမ်း နည်းတယ်၊ အပြီးပျောက်တာမျိုးဖြစ်နိုင်တယ်။
ဥပမာအရ... ရက်ဂဏန်း 7 + အချိန်ဂဏန်း 1 + ပစ္စည်းဂဏန်း 3 ဖြစ်လို့ ပေါင်းလိုက်ရင် 2 ရပါတယ်။ ပြန်ရဖို့ဟာ အခွင့်အရေး အလယ်အလတ်ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို မေးကြည့်တာမျိုး၊ ကူရှာခိုင်းတာမျိုးလုပ်သင့်ပါတယ်။
မူကွဲတနည်း
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း+ပစ္စည်းဂဏန်း = လုံးချင်းဂဏန်း
👉 1-3-5-9 = ပြန်ရဖို့များတယ်။
👉 2-4-6-8 = ပြန်ရဖို့မသေချာဘူး။
👉 7 = အချိန်ကြာမှ သတင်းကြားရမယ်။
ဥပမာအရ... ရက်ဂဏန်း 7 + အချိန်ဂဏန်း 1 + ပစ္စည်းဂဏန်း 3 ဖြစ်လို့ ပေါင်းလိုက်ရင် 2 ရပါတယ်။ ပြန်ရဖို့ မသေချာပါဘူး။
✅ ခိုးသူရှိရာအရပ် ( သို့ ) ပစ္စည်းရှိရာအရပ်
=====================================
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း = လုံးချင်းဂဏန်း
👉 1 = အိမ်ရဲ့အောက်ဆုံးထပ်၊ မြောက်ဘက်၊ အနောက်ဘက်။
👉 2 = အိမ်ရဲ့အနောက်ဘက်။
👉 3 = အိမ်ရဲ့အရှေ့မြောက်ဘက်။
👉 4 = အိမ်ရဲ့အရှေ့ဘက်။
👉 5 = အိမ်ရဲ့အလယ်ဗဟို။
👉 6 = အိမ်ရဲ့အနောက်မြောက်ဘက်။
👉 7 = အိမ်ရဲ့တောင်ဘက်။
👉 8 = အိမ်ရဲ့အနောက်တောင်ဘက်။
👉 9 = အိမ်ရဲ့အပေါ်ဆုံးထပ်၊ အရှေ့ဘက်။
ဥပမာ... ရက်ဂဏန်း 7 + အချိန်ဂဏန်း 1 = 8 ဖြစ်လို့ သူခိုးခိုးခံရတာဆိုရင် သူခိုးဟာ မိမိအိမ်ရဲ့ အနောက်တောင်အရပ်မှာနေထိုင်ပါတယ်။ သို့မဟုတ် အဲဒီအရပ်ဘက် ထွက်သွားတာပါ။ အထားမှားတာမျိုးဆိုရင် အိမ်ထဲက အနောက်တောင်ဘက်ခြမ်းမှာ ပစ္စည်းရှိပါတယ်။
မူကွဲတနည်း
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း+ပစ္စည်းဂဏန်း = လုံးချင်းဂဏန်း
👉 1 = အိမ်ရဲ့ အရှေ့ဘက်၊ သို့မဟုတ် အဝတ်အစားတွေကြားမှာ ရှိနိုင်ပါတယ်။
👉 2 = ရေနဲ့နီးတဲ့နေရာ၊ သို့မဟုတ် မီးဖိုချောင်မှာ ရှိနိုင်ပါတယ်။
👉 3 = စာအုပ်တွေ၊ သို့မဟုတ် စားပွဲပေါ်မှာ ရှိနိုင်ပါတယ်။
👉 4 = အိမ်ရဲ့ အနောက်ဘက်၊ သို့မဟုတ် အမှောင်ထဲမှာ ရှိနိုင်ပါတယ်။
👉 5 = ဗီရိုထဲ၊ သို့မဟုတ် အံဆွဲထဲမှာ ရှိနိုင်ပါတယ်။
👉 6 = အိမ်ရဲ့ တောင်ဘက်၊ သို့မဟုတ် ပန်းအိုးတွေကြားမှာ ရှိနိုင်ပါတယ်။
👉 7 = အိမ်ရဲ့ မြောက်ဘက်၊ သို့မဟုတ် အမြင့်ပေါ်မှာ ရှိနိုင်ပါတယ်။
👉 8 = မြေကြီးထဲ၊ သို့မဟုတ် အောက်ထပ်မှာ ရှိနိုင်ပါတယ်။
👉 9 = အိမ်ရဲ့ အရှေ့မြောက်ဘက်၊ သို့မဟုတ် ဘုရားစင်မှာ ရှိနိုင်ပါတယ်။
ဥပမာအရ... ရက်ဂဏန်း 7 + အချိန်ဂဏန်း 1 + ပစ္စည်းဂဏန်း 3 ဖြစ်လို့ ပေါင်းလိုက်ရင် 2 ရပါတယ်။ ပျောက်တဲ့ပစ္စည်းဟာ ရေနားနီးစပ်၊ ဒါမှမဟုတ် မီးဖိုချောင်ထဲမှာရှိပါတယ်။
✅ ဘယ်တော့ပြန်ရမလဲ?
=======================
တခါတလေ တွက်ကိန်းအရ ပြန်တွေ့ဖို့သေချာတဲ့အခါ ဘယ်တော့ပြန်ရမလဲဆိုတာကို တွက်ရပါတယ်။ အဲဒါကိုလည်း ဖော်ပြပါမယ်။
ဥပဒေသ = ရက်ဂဏန်း+အချိန်ဂဏန်း+ပစ္စည်းဂဏန်း+ပိုင်ရှင်ဂဏန်း = လုံးချင်းဂဏန်း
👉 1-3-5-9 = မြန်မြန်ပြန်ရနိုင်တဲ့ အလားအလာကို ပြပါတယ်။ ရက်ပိုင်း၊ သို့မဟုတ် တစ်ပတ်အတွင်း ပြန်တွေ့နိုင်ပါတယ်။
👉 2-6 = အချိန်အနည်းငယ် ကြာနိုင်တယ်လို့ ဆိုပါတယ်။ လပိုင်းအတွင်း ပြန်တွေ့နိုင်ပါတယ်။
👉 4-8 = ပြန်ရဖို့ အလားအလာနည်းပြီး၊ ပြန်ရရင်လည်း အချိန်အတော်ကြာနိုင်တယ်လို့ ဖော်ပြပါတယ်။
👉 7 = ပြန်ရဖို့ အချိန်အတော်ကြာနိုင်ပြီး၊ မထင်မှတ်တဲ့ အချိန်၊ သို့မဟုတ် နေရာကနေ ပြန်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဥပမာ... ရက်ဂဏန်း 7 + အချိန်ဂဏန်း 1 + ပစ္စည်းဂဏန်း 3 + ပိုင်ရှင်ဂဏန်း 1 = 3 ရတဲ့အတွက် ရက်ပိုင်းအတွင်း ပြန်ရမယ်လို့ဟောနိုင်ပါတယ်။
ကဲ... ဒီလောက်ဆိုရင် နားလည်လောက်ပြီထင်ပါတယ်။ ဥပဒေသတွေက ဟောလို့ရအောင် အကုန်ပြလိုက်တယ်ဆိုပေမယ့် တကယ်တမ်းဟောတဲ့အခါ အကုန်သုံးချင်မှသုံးရမှာပါ။ လိုအပ်သလို မိမိဥာဏ်ကူပြီး ဟောပြောပါ။ ဒါဟာ ဂဏန်းဗေဒင်နည်းအရ ပစ္စည်းပျောက်ခန့်မှန်းနိုင်တဲ့နည်းတွေဖြစ်ပါတယ်။ ဒီထက် တိကျပြီး ပိုင်ပိုင်နိုင်နိုင် သိချင်သူတွေကတော့ သက်ဆိုင်ရာပညာရှင်တွေနဲ့ ဥာဏ်ပူဇော်ခပေးပြီး တိုင်ပင်ပါလို့ အကြံပြုရင်း....
0 Comments
Post a Comment