ဂဏန်းဗေဒင်ပညာလို့ ပြောလိုက်ရင် လူတော်တော်များများက ကျနော်က ၇ ဂဏန်းသမားပါ။ ကျမက ၈ ဂဏန်းသမားမို့ဘာဆောင်ရမလဲ? စသဖြင့် ပြောတတ်ကြပါတယ်။ ဗေဒင်ဆရာအများစုကလည်း ဘာဂဏန်းဘွားတို့သည်... အစချီကာ... ဖန်တေတရာထပ်စေတဲ့ နငယ်အမှီးတပ်ဟောကွက်တွေကို Copy, Paste တွေနဲ့ဖန်တီးတတ်ကြပါတယ်။ လက်တဆုပ်သာ ပညာရှင်တွေကသာ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အတွေးအခေါ်တွေကို ကိုယ်တိုင်ရေးပြီးတင်ပြတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ... ဂဏန်းဗေဒင်ပညာရပ်က အဲ့ဒီကနေဆက်မတက်ပါဘူး။ ဂဏန်း ၉ လုံးနဲ့ပဲ ချာချာလည်နေတာပါ။
တကယ်တော့ ဂဏန်းဗေဒင်ပညာက ဂဏန်း ၉ လုံးပဲ အဓိကသုံးတာမို့ ဒီဂဏန်းအတွင်းမှာပဲ ချာချာလည်နေတာကတော့ မှန်ပါတယ်။ တွဲဂဏန်းအယူအဆနဲ့ဟောလည်း နောက်ဆုံး ဒီဘူတာဆိုက်မှာပါပဲ။ ဂဏန်းဗေဒင်ပညာကိုး။
တခါက ကျနော် 12 Base System ကိုသုံးတဲ့ ဂဏန်းဗေဒင်ပညာရှိတယ်လို့ ပြောလိုက်တော့ အသိဗေဒင်ဆရာက သူတွက်နေကျမဟုတ်လို့ လက်မခံချင်ဘူး။ သူကသာ လက်မခံတာ အနောက်တိုင်းမှာ စာအုပ်တောင်ထုတ်ပြီး ရောင်းစားနေကြပြီ။ ခုလည်း ဂဏန်းဗေဒင်ပညာရပ်တွေထဲက တမူထူးခြားတဲ့ Fibonacci Sequence နဲ့ တည်ဆောက်ထားတဲ့ ဂဏန်းဗေဒင်ပညာကို ဗေဒင်စွယ်စုံမှာပေါင်းထည့်ဖို့ စဥ်းစားရင်း... ပညာရှင်မှန်ရင် ပညာတွေဆက်ပြီး ရှင်သန်အောင် အားထုတ်နိုင်ဖို့ သဲလွန်စတချို့ ပြောပြပါဦးမယ်။ အရင်ဆုံး
Fibonacci Sequence ဆိုတာကို နားမလည်မှာစိုးလို့ အရင်ရှင်းပြမယ်။
Fibonacci Sequence ကို စပြီးတွေ့တာက အိန္ဒိယသင်္ချာပညာရှင်ပါ။ ဒါပေမယ့် အီတလီသင်္ချာပညာရှင် Leonardo Fibonacci က တွေ့ခဲ့တယ်လို့ ယူဆပြီး သူ့နာမည်နဲ့အတူ မှတ်သားခဲ့ကြပါတယ်။ ဒီနေရာမှာ အငြင်းအခုံတွေမလုပ်ချင်လို့ ဘယ်သူတွေ့တွေ့ အရေးမကြီးသေးဘူးလို့ပဲ သဘောခဏပိုက်ထားလိုက်ပါ။
Fibonacci Sequence ဆိုတာ ပထမဂဏန်းကို ဒုတိယဂဏန်းပေါင်းရင် တတိယဂဏန်းဖြစ်လာတယ်ဆိုတဲ့ ဂဏန်းအစီအစဥ်တစ်ခုပါ။ ဥပမာ...
1 နဲ့စတင်တယ်ဆိုပါစို့...
1+1 = 2 ဖြစ်လာမယ်။
1+2 = 3 ဖြစ်လာမယ်။
2+3 = 5 ဖြစ်လာမယ်။
3+5 = 8 ဖြစ်လာမယ်။
5+8 = 13 ဖြစ်လာမယ်။
စသဖြင့်ပေါ့... ဒီတော့ ဂဏန်းအစီအစဥ်က အောက်ပါအတိုင်းဖြစ်ပါတယ်။
0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, 89, 144, 233, 377, 610, 987
အဲ့ဒီဂဏန်း အစီအစဥ်ကို Fibonacci Sequence လို့ခေါ်ပါတယ်။ ဒီဂဏန်းအစီအစဥ်က ထူးထူးခြားခြား သဘာဝလောကကြီးနဲ့ ဆက်စပ်နေတယ်လို့ဆိုပါတယ်။
ဥပမာ... သစ်ခက်လေးတခုကို ဆွဲဖြုတ်ပြီး အရွက်တွေရေတွက်ကြည့်ပါ။ အခုပြထားတဲ့ ကိန်းဂဏန်းအစီအစဥ်ထဲကပဲ ဖြစ်နေတတ်ပါတယ်။
နှင်းဆီတပွင့်မှာ ပွင့်ချပ်တွေဘယ်နှစ်ခုရှိသလဲ ကျနော်မသိပါဘူး။ ကိုယ်တိုင်ဖြုတ်ရေကြည့်ပါ။ အဲ့ဒီကိန်းဂဏန်းအစီအစဥ်အတိုင်းရှိနေတတ်ပါတယ်။
ပန်းသီးတစ်လုံးထဲက အစေ့တွေကို ဘယ်နှစ်စေ့ရှိသလဲ မမေးပါနဲ့... အဲ့ဒီကိန်းဂဏန်းထဲက အတိုင်းပဲ ဖြစ်နေပါမယ်။
ဒါက နမူနာပြောပြတာပါ။ တခြားတွေကိုလည်း လေ့လာကြည့်ပါ။ ဥပမာ... ငါးတကောင်ရဲ့ ကြေးခွံဘယ်နှစ်ခုပါမလဲ? ခရုတကောင်ရဲ့ အရစ်က ဘယ်နှစ်ခုလဲ? စသဖြင့်ပေါ့...
ဒီတော့ မေးစရာရှိလာပြီ... ပန်းတစ်ပွင့်ရဲ့ ပွင့်ချပ်က... 2,3,5,8 စသဖြင့် ဂဏန်းတွေပဲ တကယ်ဖြစ်လေ့ရှိသလား... တခြားရော မဖြစ်နိုင်ဘူးလား? ဥပမာ ပွင့်ချပ်လေးခုပါတဲ့ အပွင့်ရောမရှိနိုင်ဘူးလား?
အဖြေက... ရှိပါတယ်။ Fibonacci Sequence နဲ့ လွတ်နေတဲ့ အရာတွေရှိပါတယ်။ ဒါပေမယ့် Fibonacci Sequence နဲ့ စနစ်တကျလည်ပတ်နေတာက များပါတယ်။ Fibonacci Sequence နဲ့ မညီတဲ့အရာတွေက သဘာဝအမြင်နဲ့ဆို ပိုပြီးလှပနေတတ်သလို... ဝိဇ္ဇာအမြင်နဲ့ဆို ပိုပြီး သိဒ္ဓိစွမ်းအင်ထူးကဲနေတတ်ပါတယ်။
ဥပမာ... အောက်က ပုံဟာ Clover အပင်ပုံဖြစ်ပါတယ်။ အဲ့ဒီအပင်ဟာ Fibonacci Sequence အစီအစဥ်ကို လိုက်နာပြီ အပေါ်ပုံထဲကလို အရွက် သုံးရွက်သာပါပါတယ်။ အဲ့ဒါက သဘာဝဖြစ်စဥ်ပါ။ ဒါပေမယ့်လည်း ရှားရှားပါးပါး အောက်ပုံကလို အရွက် ၄ ရွက်ပါတဲ့ အခိုက်အတန့်တွေလည်းရှိပါတယ်။ အဲ့ဒါဆိုရင် Fibonacci Sequence ရဲ့အပြင်ဘက်ကို ထွက်သွားပါပြီ။ ဒီတော့ ဘာဖြစ်သလဲဆိုတော့ အဲ့ဒီလေးရွက်ပါတဲ့အပင်ဟာ သိဒ္ဓိမြောက်လာပါတယ်။ အဲ့ဒါကိုဆောင်ထားရင် လာဘ်ရွှင်တယ်ပေါ့ဗျာ...
သဘောတရားကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီမှာ ထပ်ပြီး ထူးခြားတာက 23 ဂဏန်းကနေစပြီး နောက်ဂဏန်းကို ရှေ့ဂဏန်းနဲ့ပြန်စားကြည့်တဲ့အခါ... 1.618 ရနေတာပါပဲ... ဥပမာ...
55 / 34 = 1.61764705882 = 1.618
89 / 55 = 1.61818181818 = 1.618
144 / 89 = 1.61797752809 = 1.618
စသဖြင့်ပေါ့...အဲ့ဒါကို Greece တွေက Phi လို့ နားလည်ထားခဲ့ကြပြီး ယနေ့ခေတ်မှာတော့ The Golden Ratio လို့ လူသိများပါတယ်။
ဒီအချိုးတန်ဖိုးကလည်း သုံးတတ်ရင် အင်မတန်မှ အကျိုးများပါတယ်။ Physical Perfection ကို ဖြစ်စေတယ်လို့ဆိုပါတယ်။ ပမာပြရရင်... ကမ္ဘာကျော်တဲ့ မိုနာလီဆာ ( Mona Lisa ) ပန်းချီကားကို အဲ့ဒီအချိုးနဲ့ ရေးဆွဲခဲ့ကြတာပါ။
Fibonacci Sequence ဟာ သုံးတတ်ရင် အများကြီး အသုံးဝင်ပါတယ်။ ဥပမာ...
✅ လူတစ်ယောက်ရဲ့ ကံကောင်းတတ်တဲ့ သဘာဝဖြစ်စဥ်တွေ၊ အသက်အပိုင်းအခြားတွေကိုလေ့လာတဲ့နေရာမျိုး...
✅ စျေးကွက်ခန့်မှန်းတဲ့အခါမျိုး...
✅ Game Design ဖန်တီးတဲ့အခါမျိူး...
✅ အိမ်ထောင်ကွဲခြင်း၊ ချစ်သူနဲ့လမ်းခွဲရခြင်းကာလရှာဖွေတာမျိုး...
စသဖြင့်ပေါ့... ဒါက ကျနော်က ဗေဒင်ပညာရှင်မို့ ဗေဒင်သဘောတရားဘက်ကနေ သုံးသပ်ပြတာပါ။ တကယ်က အများကြီး အသုံးပြုနိုင်ပါသေးတယ်။
ဒီတော့ ပြန်ဆက်ရရင်... ကျနော် ဗေဒင်စွယ်စုံထဲထည့်ပေါင်းမယ့် ဂဏန်းဗေဒင်ပညာဟာ Fibonacci Sequence Numerology လို့ခေါ်ပါတယ်။ မိတ်ဆွေတို့ ကြားဖူးချင်မှ ကြာဖူးပါလိမ့်မယ်။ မကြားဖူးပါဘူးဆိုပြီး ငြင်းနေမယ့်အစား...
✅ Google မှာရှာဖွေလေ့လာကြည့်ပါ။ ပညာကို ရှင်အောင်လုပ်ပါ။
✅ လက်တွေ့မြန်မြန်အသုံးချချင်ရင် ဗေဒင်စွယ်စုံမှာ သုံးပါ။
✅ ကိုယ်တိုင် ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ချင်ရင် ကျနော့်သင်တန်းတက်ပါ။
ဒါပါပဲ...
0 Comments
Post a Comment