Twin Flames Magick နည်းလမ်းကို မပြောခင် အဲ့ဒီအကြောင်းကို အရင်ရှင်းပြပေးပါမယ်။ ဒီ မှော်ပညာရဲ့အစက "ဆင်တူခြင်းနဲ့ထပ်တူညီခြင်း (Similarity and Equality)" ကနေလာပါတယ်။ အသေးစိတ်ရှင်းပြရရင် နည်းနည်းကျယ်ဝန်းတယ်။ အကျဥ်းလောက်ပဲ ဒီမှာရှင်းပြပေးမယ်။ တကယ်လည်းစိတ်ဝင်စားပြီး ကျကျနနလည်းနားလည်ထားချင်တယ်ဆိုရင်တော့ SOM Course မှာတင်ပေးပါမယ်။ 


✅ ဆင်တူခြင်း

ဆင်တူခြင်းဆိုတာ တူညီနေတာကိုပြောတာပါ။ မြင်သာအောင်ဥပမာပေးရရင် 1 နဲ့ 1 က ဆင်တူပါတယ်။ တနည်းအားဖြင့် တူညီတယ်ပေါ့ဗျာ။ မိတ်ဆွေလက်ထဲက ငွေတစ်ကျပ်နဲ့ ကျနော့်ဆီက တစ်ဒေါ်လာကလည်း တူညီတာပဲနော်။ ဟာ... ဘယ်လိုကြီးလဲ... ဘယ်လိုလုပ်တူညီမှာလည်း သြဇီ ၁ ဒေါ်လာကို မြန်မာငွေအနိမ့်ဆုံး ကျပ်နှစ်ထောင်လောက်ပေါက်နေတာ မြန်မာတစ်ကျပ်နဲ့ ဘယ့်နှယ်တူညီမှာလဲလို့ မျက်စိလည်သွားနိုင်ပါတယ်။ တကယ်က အဲ့ဒီသဘောတရားကို အကျယ်ရှင်းပြနိုင်ရင် ပိုကောင်းပါတယ်။ အကျဥ်းအားဖြင့်ပဲရှင်းပြရမယ်ဆိုရင် မြန်မာတစ်ကျပ်လည်း ငွေ၊ သြဇီ တစ်ဒေါ်လာလည်း ငွေဖြစ်လို့ ငွေဆိုတဲ့အရာခြင်းတူညီနေတာကို ဆိုလိုတာပါ။ မှော်ပညာအယူအဆအရ အဲ့ဒီ ဆင်တူခြင်းနိယာမဟာ တူရာကို ဆွဲငင်စေနိုင်တဲ့စွမ်းအင်နဲ့ တိုးပွားမှုကိုပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။ 


မိတ်ဆွေတို့ ကြားဖူးကြမလားပဲ...

အမတေရှိရာ အမတေလာတို့...

ဓာတ်တူနံတူ၊ ဆေးဘက်ယူတို့...

ဒီစကားတွေက အဲ့ဒီဆင်တူခြင်းနိယာမကနေလာတာပါ။ တူရာကိုဆွဲငင်တတ်တဲ့သဘောတွေပါဝင်ပါတယ်။ 


✅ ထပ်တူညီခြင်း

ထပ်တူညီခြင်းကလည်း ဆင်တူခြင်းတမျိုးပါပဲ။ ဒါပေမယ့် သူ့ရဲ့ဆင်တူမှုက ပိုပြီးတိကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ထပ်တူဆိုတဲ့ စကားလုံးပါဝင်နေလို့ပါ။ ဥပမာပြောရင်... စောစောကကျနော်ပြောခဲ့တုန်းက...


မြန်မာငွေတစ်ကျပ်နဲ့ သြဇီဒေါ်လာတစ်ကျပ်ဟာ ( ဆင်တူခြင်းပါ။ ) 

ဒီလိုပဲ...

မြန်မာငွေတစ်ကျပ်နဲ့ သြဇီဒေါ်လာတစ်ထောင်ကလည်း ( ဆင်တူခြင်းပါပဲ။ ) 

ဘာကြောင့်လဲ?

ငွေ = ငွေ ဖြစ်နေလို့ပါ။ သို့သော်... 

မြန်မာငွေတစ်ကျပ်နဲ့ သြဇီဒေါ်လာတစ်ကျပ်ဟာ ( ထပ်တူညီပါတယ်။ ) 

ဒီလိုပဲ...

မြန်မာငွေတစ်ကျပ်နဲ့ သြဇီဒေါ်လာတစ်ထောင်ကတော့ ( ထပ်တူမညီပါဘူး။ )

ဘာကြောင့်လဲ?

ပထမတစ်ခုက 1 = 1 ဖြစ်နေပြီး ဒုတိယတစ်ခုက 1 = 1000 ဖြစ်နေလို့ပါ။

ဒါတွေက နားလည်အောင်နဲ့ မြင်သာအောင် အလွယ်ဥပမာပေးတာပါ။ သင်တန်းမှာသင်နေတာမျိုးမဟုတ်လို့ ဒီထက်ပိုမရှင်းပြတော့ပါဘူး။ 


မှော်ပညာရဲ့အယူအဆအရ ထပ်တူညီခြင်းနိယာမက အရှိန်အဟုန်နဲ့ အင်အားကိုဖြစ်စေပါတယ်။ ပြောရရင်တော့ ငွေဝင်အောင်လုပ်ရင်လည်း ငွေကို ဒလဟောဝင်လာစေပါတယ်။ လူခေါ်ရင်လည်း မဆိုင်းမတွနဲ့ချက်ခြင်းဆိုသလို ရောက်လာစေပါတယ်။ ဒါမျိုးပြောတာပါ။ 


Twin ဆိုတာ အစုံသဘော၊ နှစ်ခု၊ နှစ်ခါ၊ အမွှာသဘောတွေကို ဆိုလိုပါတယ်။

Flame ဆိုတာ မီး၊ မီးတောက်၊ မီးလျှံကိုဆိုလိုပါတယ်။ ဒါကြောင့် Twin Flames Magick ဟာ မီးမှော်အတတ်ဖြစ်ပါတယ်။ မီးကိုကိုင်တွယ်ပြီး လိုရာအသုံးပြုခြင်း၊ စေစားခြင်းသဘောတရားတွေပါဝင်နေပါတယ်။ 


မီးဟာ မှော်ပညာအယူအဆအရ ကောင်းတာကိုရော၊ မကောင်းတာကိုပါ စေစားနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ ပမာပြောရရင်... ထမင်းဟင်းချက်စားတာကလည်း မီးကိုအသုံးပြုတာပါပဲ။ ဒါပေမယ့် ကောင်းဖို့အတွက်အသုံးပြုတာပါ။ သူများအိမ် မီးနဲ့ရှို့တာလည်း မီးကိုအသုံးပြုတာပါပဲ။ ဒါပေမယ့် မကောင်းတဲ့နေရာမှာ အသုံးပြုတာပါ။ ဒါကြောင့် ကောင်းတာရော၊ မကောင်းတာကိုပါ မီးနဲ့ ပြုလုပ်နိုင်တယ်လို့ နားလည်ထားလို့ရပါတယ်။ 


ဒီနေ့ အဲ့ဒီမှော်ပညာကို ငွေကြေးအတွက် တောင်းဆိုထားကြလို့ လက်တွေ့အသုံးပြုနိုင်ဖို့ နည်းလမ်းပေးပါမယ်။ ကောင်းဖို့အတွက် မီးကိုအသုံးပြုရမှာဖြစ်လို့ ဖယောင်းတိုင်မီးကိုပဲ ကျနော်တို့သုံးကြပါမယ်။ မီးမှော်ဖြစ်လို့ မီးကအဓိကပါ။ ဖယောင်းတိုင်အရောင်က အရေးမကြီးပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့က ငွေရေးကြေးရေး အကျပ်အတည်းကနေလွတ်မြောက်ချင်တာမျိုး၊ ကြွေးတင်နေလို့ အမြန်ဆုံးပြန်ဆပ်နိုင်ချင်တာမျိုး၊ ကြွေးတောင်းမရလို့ အမြန်ပြန်လိုချင်တာမျိုး၊ ပိတ်နေတဲ့ လာဘ်လာဘတွေကို ရုတ်ချည်းပြန်လည်ပွင့်လန်းချင်တာမျိုးမဟုတ်လား... ဒီတော့ Color Magick မှာ အသုံးများတဲ့ Money Color ဖြစ်တဲ့ အစိမ်းရောင်ကိုသုံးတော့ ပိုကောင်းမှာပေါ့ဗျာ။ မဟုတ်ဘူးလား... ဒီတော့....


လိုအပ်တာတွေက...


✅ ဖယောင်းတိုင်အစိမ်းရောင်နှစ်တိုင်... ( အရွယ်အစား၊ အရောင် စသဖြင့် တူညီနေရမယ်။ ) 

✅ မျဥ်းကြောင်းမပါတဲ့ စာရွက်ပိုင်းငယ်တစ်ခု... ( လက်တဝါးစာလောက်ဆို လုံလောက်တယ်။ A4 စာရွက်မျိုးသုံးပေါ့။ ) 

✅ ခဲတံ အသစ် ၁ ချောင်း ( အသင့်ချွန်ထားရမယ်။ ) 

✅ လိမ္မော်သီး နှစ်လုံး ( အရွယ်အစား အနီးစပ်ဆုံး တူညီနေသင့်တယ်။ ) 

✅ ကြွေပန်းကန်ပြားနှစ်ချပ် ( အရွယ်အစား၊ ပုံစံ တူညီနေရမယ်။ လက်ဖက်ရည်ခွက်အောက်က ခံသုံးရတဲ့ ခပ်သေးသေးအရွယ်သုံးရင် ပိုအဆင်ပြေနိုင်တယ်။ အရွယ်အစားကတော့ သိပ်အရေးမကြီးပါဘူး။ ကြိုက်တာသုံးပါ။ အဓိကက တူညီနေဖို့ပါပဲ။ ) 


အားလုံးစုံပြီဆိုရင် လုပ်ရမယ့်နေ့ကို သတိပြုဖို့ပါပဲ... လုပ်ရမယ့် နေ့ဟာ ဘယ်နေ့ဖြစ်ဖြစ်၊ ဘယ်ရက်ဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ့် လဆန်းရက်ပိုင်းတွေဖြစ်ဖို့တော့လိုတယ်။ လဆန်းရက်ပါဆိုမှ အင်္ဂလိပ်လဆန်းလား? မြန်မာလဆန်းလားတွေလုပ်မနေကြနဲ့ဦးနော်... အင်္ဂလိပ်ပြက္ခဒိန်စနစ်မှာ လဆန်းဆိုတဲ့ အသုံးအနှုန်း သုံးရင်မှားတယ်။ လဆန်းဆိုတာ မြန်မာပြက္ခဒိန်မှာပါပြီးသားပဲ ဒီလောက်ကတော့ နားလည်သင့်တယ်။ လဆန်းလို့ မြင်သာထင်သာအောင်အလွယ်ပြောလိုက်တာ ကိန်းကြီးခန်းကြီးတဲ့ပြောရရင် စန်းလို့ခေါ်တဲ့ လမင်းရဲ့သွားလာမှုအကြောင်းကို ဋီကာချဲ့ပြောမှရလိမ့်မယ်။ အဲဒီလောက်ထိ ချဲ့ကားရှင်းပြနေရရင်လည်း အစီရင်လုပ်ဖြစ်ဖို့တောင် ခက်ကုန်လိမ့်မယ်။ ဒီတော့ လဆန်းလို့ပဲမှတ်။ လဆန်းထဲက တစ်ရက်ရက်ဖြစ်ရင်ရပြီ။ ဒီလိုအစီရင်တွေက လဆန်း ၁ ရက်ကနေစပြီး လပြည့်နေ့အထိ ကောင်းစွာစီရင်လို့ရတယ်။ လပြည့်နားနီးကပ်လာတဲ့ လဆန်းဟာ အကောင်းဆုံးပဲ... လပြည့်ဆိုလို့ ဟိုတနေ့က လပြည့်နေ့လုပ်ရမယ့် အစီရင်တစ်ခုတင်ပေးတာကို ဂယောင်ခြောက်ခြားလူတစ်ယောက်က ဟိုနေ့မှလပြည့်တယ် ဒီနေ့လမပြည့်ဘူးတွေဘာတွေလာလုပ်နေလို့ အမှိုက်လို့သဘောထားတဲ့အတွက် ရှင်းထုတ်တဲ့အနေနဲ့ Block ပစ်လိုက်တယ်။ လူအများနားလည်လွယ်အောင် ဝေါဟာရလပြည့်ကိုပြောနေတာလား၊ တိတီလပြည့်နေ့ကိုပြောနေတာလားတောင် နားမလည်ပဲ ဝင်ယောင်ရင် ကြည့်မရဘူး။ ရှင်းပြနေရလောက်အောင်လည်း ကိုယ့်ကျေးဇူးရှင်လည်း မဟုတ်ဘူး။ လပြည့်တယ် မပြည့်ဘူးတွေကို သူကိုယ်တိုင်လည်း ကောင်းကင်တက်ပြီးမတိုင်းနိုင်ပဲနဲ့ အာဝင်ချောင်နေတာ... သူ့ဟာသူ ဘာကြီးပဲဖြစ်နေနေ... ကျနော့်နေရာမှာ ကျနော်က ဘုရင်ပဲ... ကျနော့်မျက်စိထဲ အမြင်ကပ်ရင် ရှင်းရမှာပဲ။ ကျနော့်ကို အမြင်ကပ်လည်း ရှင်းပလိုက်... အရေးမကြီးဘူး။ 


ဘဝင်မကျစရာတွေပြောနေရတာနဲ့ ပြောလက်စ စကားပါပျောက်ကုန်ပြီ... ပြန်ဆက်ရရင်... လဆန်းရက်သာဖြစ်ပါစေ... ကြိုက်တဲ့နေ့လုပ်ပါ။ အချိန်ကတော့ နေ့လည် ၁၂ နာရီမကျော်ခင်ဖြစ်ရမယ်။ အကောင်းဆုံးက ၁၁ နာရီတိတိက စလုပ်ရင် အကောင်းဆုံးပဲ။ 


✅ စီရင်ပုံ

ပုံကြမ်းလေးပြပေးထားတယ်။ ပြင်ဆင်ပုံကို ပုံကြမ်းနဲ့တွဲပြီးလေ့လာပါ။ Video လုပ်ပေးရင် ပိုကောင်းမှန်းသိပေမယ့် ကျနော့်ဘက်က အချိန်မရပါဘူး။ ဒါကြောင့် စာနဲ့ပဲ ရှင်းအောင် ပြောပြပါမယ်။ အာရုံစိုက်ဖတ်ပါ။


ပုံကို မိမိရှေ့မှာချကြည့်ပါ။ တနည်းပြောရရင် ပုံကိုဖွင့်ထားတဲ့ ဖုန်းကို မိမိရှေ့ချကြည့်လိုက်ရင် တကယ့် အပြင်မှာ ပြင်ဆင်ရမယ့် အနေအထားဖြစ်ကြောင်း လွယ်လွယ်သိမြင်နိုင်ပါတယ်။ မိမိဘယ်နဲ့ ညာမှာ ကြွေပန်းကန်တချပ်စီချ... ပန်းကန်းပြားပေါ် လိမ္မော်သီး တစ်လုံးစီတင်။ လိမ္မော်သီးပေါ် ဖယောင်းတိုင်တစ်တိုင်စီစိုက်၊ ဒီနေရာမှာ လိမ္မော်သီးပေါ် ဖယောင်းစက်ချပြီး ဖယောင်းတိုင်စိုက်လည်းရပေမယ့် မမြဲတတ်ပါဘူး။ ပြုတ်ကျရင် အစီရင်ပျက်ပါတယ်။ ဒါကြောင့် မြဲမြံအောင်လို့ လိမ္မော်သီးကို မြုပ်ဝင်သွားအောင် ဖယောင်းတိုင်ကို ထိုးစိုက်ချလိုက်ပါ။ အရမ်းကြီးလည်း စိုက်ချမနေနဲ့ဦး... မီးထွန်းစရာနေရာပါ မကျန်ဖြစ်နေမယ်။ ဒီအဆင့်က မီးမထွန်းရသေးဘူးနော်။ 


ဒီအဆင့်ပြီးရင် စာရွက်ပေါ်မှာ ကျနော်ပြထားသလို သင်္ကေတတစ်ခုရေးရမယ်။ ပြီးမှ အောက်ကနေ မိတ်ဆွေလတ်တလောကြုံနေရတဲ့ ငွေကြေးအခက်အခဲကို မြန်မာလိုပဲ ဆုတောင်းစာဆန်ဆန် ရေးရမယ်။ ဆုတောင်းစာ၊ အတည်ပြုစာ၊ စေညွှန်းစာ စသဖြင့် စာရေးနည်းကအမျိုးမျိုးရှိတယ်။ မမှားအောင်လို့ အလွယ်ရှင်းပြမယ်။ ဥပမာတစ်ခုလည်းရေးပြလိုက်မယ်။ 


✅ ဆုတောင်းစာရေးနည်း

ဆုတောင်းစာရေးရင်... အများအားဖြင့်... ( ပါစေ... ပါရစေ... ပါစေသတည်း) ဆိုတဲ့စကားလုံးတွေနဲ့ အဆုံးသပ်ပေးရမယ်။ ဥပမာ...


အခုတင်ရှိနေသော အကြွေးများ အမြန်ဆုံးဆပ်နိုင်ပါစေ...

ဒါမှမဟုတ်...

အခုတင်ရှိနေသော အကြွေးများ အမြန်ဆုံးဆပ်နိုင်ပါစေသတည်း...

အဲ့ဒီလိုရေရမယ်။ အမြနိဆုံးဆပ်နိုင်ရပါလို၏ သွားမလုပ်နဲ့ မရဘူး။


အကြွေးပြန်ရချင်တဲ့ကိစ္စမျိူးဆိုရင်လည်း တဖက်လူဟာ ပေးပို့ အမှန်တကယ် အခက်အခဲကြုံနေတာမျိုးလည်းဖြစ်နိုင်တယ်... ဒါကို...


မောင်ဖြူငါ့အကြွေး အမြန်ဆုံးပြန်ပေးရမယ်တွေဘာတွေသွားမလုပ်နဲ့ မရဘူးနော်။ ဆုတောင်းစာလို့ပြောထားတဲ့အတွက် ဆုတောင်းစာစည်းကမ်းနဲ့ညီအောင်လုပ်ရမယ်။ ဥပမာ...


မောင်ဖြူငါ့ရဲ့အကြွေးကို မဆိုင်းမတွနဲ့ အမြန်ဆုံးပေးဆပ်နိုင်ပါစေ... လို့ရေးနိုင်တယ်။ ဒါတွေက ဥပမာပြောနေတာ ကိုယ်ကြိုက်တာကို ကိုယ်ဘာသာကိုယ်ရေး... ဆုတောင်းစာစည်းကမ်းတော့ လိုက်နာ... ဒါပါပဲ။ 


အဲ့ဒီလိုရေးပြီးတဲ့အခါ စာရွက်လေးကို အပြန့်လိုက် စောစောက လုပ်ထားတဲ့ ဘယ်ညာပန်းကန်ပြားနှစ်ခုရဲ့ အလယ်မှာချ... ပုံကြမ်းမှာလည်း ပြန်ကြည့်။ ဒီလိုချပြီးမှ မီးကိုထွန်းရမယ်။ မီးထွန်းချိန်မှာ... ကိုယ့်ရဲ့အာရုံဟာ မှောင်မိုက်နေတဲ့ အိမ်တစ်လုံးထဲကနေ ပြတင်းပေါက်ကို လှမ်းဖွင့်လိုက်တဲ့အခါ အပြင်လောက က လင်းဖြာနေတဲ့ နေရောင်ခြည်ကို မြင်လိုက်ရတဲ့ခံစားချက်လိုမျိုး စိတ်ထဲမှာ ရှင်းခနဲ၊ လင်းခနဲဖြစ်သွားအောင် စိတ်ညွှတ်ပြီး အာရုံပြုပေးရမယ်။ မီးတွေဟာ ဖယောင်းတိုင်နှစ်ခုမှာ တောက်လောင်သွားတာသေချာပြီဆိုရင်တော့ ဆုတောင်းစာရွက်ကလေးကိုကြည့်ပြီး အဲ့ဒီထဲက ဆုတောင်းစာလေးကိုပဲ ဖြေးဖြေးနဲ့မှန်အောင် ရွတ်ဆိုပေးရမယ်။ ရွတ်ဆိုနေချိန် စိတ်ပြန့်လွင့်လို့မရဘူး။ အာရုံက ဒီအထဲမှာပဲ ရှိနေရမယ်။ အသံထွက်ရွတ်ရွတ်၊ လေသံနဲ့ရွတ်ရွတ် အရေးမကြီးဘူး။ အဆင်ပြေသလိုရွတ်... ဆုတောင်းစာ ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ အခေါက်ရေ ၃၀ ပြည့်အောင် ရွတ်ရမယ်။ အခေါက်ရေပြည့်ပြီဆိုတာနဲ့... စာရွက်ကိုယူပြီး စာရွက်ရဲ့ ထောင့်တဖက်ကို ဖယောင်းတိုင်တစ်တိုင်၊ အခြားထောင့်ကို ဖယောင်းတိုင်တစ်တိုင်ရဲ့ မီးတောက်နဲ့ တို့လိုက်ရမယ်။ ဒီတော့ စာရွက်မီးလောင်မှာပေါ့... လောင်ပါစေ... ခဏအရှိန်ရအောင်ကိုင်ထားပါ။ လက်တော့မပူပါစေနဲ့။ လက်ပူမယ့်အထိလည်းစောင့်စရာမလိုပါဘူး။ မီးအရှိန်နည်းနည်းရတာနဲ့ လေနဲ့မှုတ်ငြိမ်းလိုက်ပါ။ မှုတ်တဲ့အခါ အရမ်းမှုတ်ရင် မီးစတွေကြွေပြီး ပြာတွေလွှင့်လို့ မိမိနေရာအတွက် ပြဿနာရှိနိုင်ပါတယ်။ ဖြေးဖြေးမှုတ်ရင် ပိုကောင်းပါတယ်။ မသေချာမှာစိုးရင် လင်ဗန်းလေးဘာလေးကြိုရှာထားပြီး အောက်ကခံမှုတ်ပေါ့... မီးငြိမ်းအောင်မှုတ်နိုင်ရင်ရပြီ။ မီးငြိမ်းသွားပေမယ့် မီးခိုးကကျန်နေလိမ့်မယ်။ မီးခိုးတွေဟာ တလူလူတက်သွားလိမ့်မယ်။ အဲ့ဒါကို လိုက်ကြည့်ရင်းနဲ့ အာရုံယူလိုက်ရမှာက... ငါ့ရဲ့ဆုတောင်းတွေဟာ မီးခိုးအဖြစ် အသွင်ပြောင်းပြီး ကောင်းကင်ပေါ်တက်သွားပြီ။ ငါ့ကိစ္စကို ဖြေရှင်းပေးဖို့ ကောင်းကင်နဲ့ချိတ်ဆက်သွားပြီ။ အောင်ပြီ... အောင်ပြီလို့ စိတ်ညွှတ်ပြီး အာရုံယူလိုက်ရမယ်။ ဒါဆို အစီရင်က ပြီးပါပြီ။ ထွန်းထားတဲ့မီးတော့ ကုန်အောင်ထားလိုက်ပါ။ သွားစရာ၊ လာစရာရှိလို့ မထားချင်ဘူးဆိုလည်း ငြိမ်းလိုက်လို့ရပါမယ်။ လိမ္မော်သီးနှစ်လုံးကို မစားရပါဘူး။ စွန့်ပစ်ရမှာပါ။ စွန့်တာကတော့ အမှိုက်ပုံးထဲ ဒီအတိုင်းပစ်လိုက်လည်းရပါတယ်။ ပန်းကန်တွေကပြန်သိမ်းထားပေါ့။ နောက်လိုရင် ပြန်သုံးလို့ရတယ်။ 


မီးလောင်လို့ကျန်တဲ့ စာရွက်လည်း အမှိုက်ပုံးထဲပစ်လို့ရတယ်။ ခဲတံကတော့ သိမ်းထား... နောက်အကြိမ်တွေ ဒီအစီရင်ပြန်လုပ်ချင်ရင် ဒီခဲတံကိုပဲပြန်သုံးခွင့်ရှိတယ်။ မသိမ်းထားရင်တော့ အသစ်တချောင်းထပ်ဝယ်မှရမယ်။ 


ဒီအစီရင်ကို ကိစ္စကြီးရင် ကြီးသလို ဆက်တိုက်လုပ်လို့လည်းရတယ်။ ပုံမှန်ကတော့ တလ တခါလောက် လုပ်သင့်တယ်။ ဒါမှ အဆက်မပြတ်တဲ့ဓာတ်သဘောကို ရနေမှာ။ ကဲ... ဒီလောက်ဆိုရင် နားလည်လောက်ပါပြီ။ နားမလည်ရင် အစကနေ သေသေချာချာပြန်ဖတ်ပါ။ 


ကဲ... အားလုံးပဲ... ငွေကြေးသောက ငြိမ်းအေးကြပါစေဗျာ...