Twin Flames Magick အကြောင်းကို ပြီးခဲ့တဲ့ ပို့စ်မှာ အကျဥ်းအားဖြင့် ရှင်းပြပြီးပြီမို့ ဒီမှာတော့ ထပ်မရှင်းပြတော့ဘူးနော်။ ဖုန်းကနေစာရိုက်နေရချိန်ဆိုတော့ စာရိုက်ရတာ အဆင်မပြေလို့ပါ။ 


ဒီနေ့တော့ ကျန်းမာရေးအတွက် စီရင်ရမယ့် နည်းလမ်းကိုပြောပြပါမယ်။ လူရယ်လို့ဖြစ်လာရင် ကြီးကြီးငယ်ငယ် ကျန်းမာရေးပြဿနာကတော့ရှိနိုင်တာပါပဲ... သာမန် နာမကျန်းမှုကစပြီး နာတာရှည်ရောဂါမျိုးတွေအထိရှိနိုင်ပါတယ်။ အခုကျနော်ပြောပြမယ့်နည်းလမ်းဟာ မိတ်ဆွေတို့နှစ်ပေါင်းများစွာခံစားနေရတဲ့ ကျန်းမာရေးကို ဗြုန်းခနဲဆိုပြီး ကောင်းသွားမယ့်နည်းတော့မဟုတ်ပါဘူး။ ဂမ္ဘီရပညာရဲ့သဘောက ဓာတ်ခိုင်အောင်လုပ်မှ သိသိသာသာ အကျိုးရှိပါတယ်။ ပမာပြောရရင် အပ်ချည်နဲ့တုပ်ချည်သလိုပေါ့ဗျာ။ အပ်ချည်တမျှင်လောက်နဲ့ တုပ်ရင် အသာလေးရုန်းလိုက်ရုံနဲ့ရပါတယ်။ အပ်ချည်မျှင်တစ်ထောင်လောက်နဲ့ တုပ်လိုက်ရင်တော့ ရုန်းဖို့ မလွယ်တော့ပါဘူး။ ဂမ္ဘီရပညာကလည်း ဒီသဘောပါပဲ... မိတ်ဆွေက ၁၀ နှစ်လောက်နာတာရှည်လာတာကို ဒီအစီရင်လေး ၁ ကြိမ်လောက်လုပ်လိုက်ရုံနဲ့တော့ ဘယ်အဆင်ပြေပါ့မလဲ... စွဲစွဲမြဲမြဲနဲ့ လုပ်မှသိသာမှာပေါ့။ 


ဒီအစီရင်ကလည်း မီးမှော်နည်းလမ်းပဲဖြစ်တာကြောင့် မီးကိုပဲ အဓိကထားသုံးရမယ်။ ဒီအစီရင်ရဲ့ မီးဟာ မိတ်ဆွေတို့ရဲ့ မကောင်းတဲ့ ကျန်းမာရေးအညံ့တွေ၊ အနာရောဂါတွေကို လောင်မြိုက်ပစ်လိမ့်မယ်။ ဒါကြောင့် စနစ်တကျလုပ်ပေးရင် မထိရောက်စရာအကြောင်းမရှိဘူး။ ဒီတော့ လိုအပ်တာတွေကို အရင်ပြောပြမယ်။ 


✅ ဆီလိုတယ်။ နှမ်းဆီဖြစ်ရင် ပိုကောင်းတယ်။ ထမင်းစားဇွန်းနဲ့ သုံးဇွန်းဆို လုံလောက်တယ်။ ( ယောက်ချိုဇွန်းကြီးနဲ့ မဟုတ်ဘူးနော်။ ) 

✅ အဲ့ဒီဆီထည့်ဖို့ ခွက်တစ်လုံးလိုမယ်။ ဆီမီးထွန်းရမှာဆိုတော့ ဆီမီးထွန်းတဲ့ မြေခွက်ကလေးဆိုပိုကောင်းတယ်။ မရလည်း ကြွေခွက်၊ သံခွက် ဘာနေနေသုံးပါ။ ဆီလုံအောင်နဲ့ မိမိအတွက် မထိခိုက်ရင်ရပြီ။ 

✅ မီးစာအတွက် ဖယောင်းကြိုးလိုမယ်။ တခြားကြိုးတွေက မီးတောက်ချင်မှတောက်မယ်။ တောက်မယ်ထင်ရင် ဘာကြိုးသုံးသုံးရတယ်။ ဝါဂွမ်းသုံးလည်း ကိစ္စမရှိဘူး။ လုပ်တတ်ဖို့ပဲလိုတယ်။ ကြိုးအတိုအရှည်ကတော့ ခန့်မှန်းသုံးပါ။ အတိအကျမလိုပါဘူး။ နောက်ဆုံးကြိုးရှာမရရင် ရှိတဲ့ ဖယောင်းတိုင်ကနေ ထုတ်ယူပါ။ ကြိုးနှစ်ခု ရှာထားဖို့လိုမယ်။

✅ ကရဝေးရွက်တစ်ရွက်လိုမယ်။ တစ်ရွက်ဆိုတာ အစီရင် တခါလုပ်ဖို့အတွက်ပြောတာ။ ထပ်ခါထပ်ခါလုပ်နိုင်ဖို့ဆိုရင် တခါထဲများများဝယ်ဆောင်ထားပါ။ ကရဝေးရွက်ပဲရတယ်။ တခြားအစားထိုးစရာ အရွက်မရှိဘူး။ မြန်မာပြည်အတွက် ပရဆေးဆိုင်တွေမှာ အလွယ်တကူမေးဝယ်လို့ရတယ်။ မရှားဘူး။ နိုင်ငံခြားရောက်နေသူတွေကလည်း ဟင်းခပ်ပစ္စည်းအရောင်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်တယ်။ 

✅ ခဲတံတချောင်း အသင့်ရှာထားရမယ်။ အသစ်၊ အဟောင်းကတော့ ဒီအစီရင်အတွက် အရေးမကြီးဘူး။ ခဲတံဖြစ်ဖို့ပဲလိုတယ်။


ပြုလုပ်ရမယ့် နေ့တွေ၊ အချိန်တွေက အရေးမကြီးဘူး။ ကြိုက်တဲ့နေ့၊ ကြိုက်တဲ့အချိန်လုပ်လို့ရတယ်။ အရေးကြီးတာက တနေ့ထဲ နှစ်ခါမလုပ်မိစေဖို့ပဲ။ 


✅ စီရင်ပုံ

ဆီမီးခွက်ထဲကို ဆီထည့်ရမယ်။ အဲ့ဒီဆီခွက်ထဲမှာ ကြိုးနှစ်ချောင်းကို တဖက်တချက်ထည့်ရမယ်။ ပုံကြမ်းပြထားတာကို ကြည့်ပြီးလုပ်ပါ။ လိုချင်တာက ဆီမီးတခွက်ထဲမှာ မီးတောက်နှစ်ခု တောက်ဖို့လိုတယ်။ ဒီအဆင့်ထိ မီးမထွန်းရသေးဘူးနော်။ 


ပြီးရင်... ကရဝေးရွက်ပေါ်မှာ ကျန်းမာရေးညံ့နေသူရဲ့ နာမည်ကိုရေးပါ။ နာမည်က အများသိထားပြီးတဲ့နာမည်ဖြစ်ရမယ်။ ရေးတာကတော့ ခဲတံနဲ့ပဲ။ မြန်မာလိုရေးရေး၊ အင်္ဂလိပ်လိုရေးရေး ကိစ္စမရှိဘူး။ သတိပြုရမှာတစ်ခုက ပုံကြမ်းမှာပြထားသလို အရင်းဘက်ကနေ အဖျားဘက်ကို ရေးသွားရမယ်။ အဲ့ဒါမှားလို့မရဘူး။ ရေးပြီးရင် အဲ့ဒီအရွက်ကို ဆီမီးခွက်ထဲက မီးစာနှစ်ခုအလယ်၊ ဆီထဲမှာ နှစ်ချထားလိုက်ပါ။ ပြီးရင်တော့ မီးထွန်းလို့ရပြီး ကြိုးစနှစ်ခုဆိုတော့ မီးနှစ်ခါထွန်းရမှာပေါ့။ ဒါဆို မီးတောက်နှစ်ခုရပြီ။ 


မီးထွန်းပြီးတာနဲ့.... မီးတောက်တွေကို စိုက်ကြည့်ပြီး...


[ O-ThiRa ] ဆိုတဲ့ အသံကို ၂၂ ခေါက်ရွတ်ရမယ်။ အသံထွက်က [ အို သီရာ ] လို့အသံထွက်တယ်။ အိုနဲ့ သီရာကြားမှာ Tone လေးတားပြထားတာကို သတိပြုပါ။ တဆက်ထဲ ရွတ်လို့မရပါဘူး။ ပြီးတော့ R ကို မမြင်မှာစို့လို့ အကြီးနဲ့ရေးပြထားပါတယ်။ ပြီးတော့ R အသံက ရ သံပါ။ ယသံမဟုတ်ပါဘူး။ ရခိုင်တိုင်းရင်းသားအသိတွေရှိရင် ရကောက်သံကိုထွက်ခိုင်းကြည့်ပါ။ သူတို့အသံထွက်မှန်ပါတယ်။ 


ဒီအသံကို ဘာအဓိပ္ပါယ်လည်းမမေးပါနဲ့။ ဘာအဓိပ္ပါယ်မှမဟုတ်ပါဘူး။ အဲ့ဒါ အသံပါ။ မီးမှော်ပညာထဲက ကျန်းမာရေးအတွက် မဖြစ်မနေရွတ်ရမယ့် အသံတစ်ခုဖြစ်ပါတယ်။ 


ကဲ... ရွတ်လို့ပြီးပြီဆိုရင်တော့ စောစောက ကရဝေးရွက်ကို အညှာဘက်ကနေကိုင်ပြီး မီးတောက်တခုစီနဲ့ တို့ထိပါ။ မီးရှို့လိုက်တဲ့သဘောပါပဲ။ နည်းနည်းစီ စတိအဖြစ်လုပ်တာပါ။ အကုန်လောင်အောင် ရှို့စရာမလိုပါဘူး။ ဒီလိုလုပ်နေချိန်မှာတော့... ကျန်းမာရေးအတွက် ဆုမွန်ကောင်းတောင်းရမှာဖြစ်ပါတယ်။ 


ဒီအစီရင်က ကိုယ်တိုင်လုပ်လည်းရသလို၊ ကိုယ်စားလုပ်ပေးလည်းရပါတယ်။ ဆုတောင်းတဲ့အခါမှာသာ အခြေအနေအရ ပြောင်းလဲဆုတောင်းလိုက်ပါ။ ဥပမာ...


✅ ကိုယ်တိုင်လုပ်တာဆိုရင်...

ငါခံစားနေရတဲ့ ဝေဒနာ တွေ အမြန်ဆုံး သက်သာပါစေ ...


✅ ကိုယ်စားလုပ်ပေးတာဆိုရင်...

မောင်ဖြူခံစားနေရတဲ့ ဝေဒနာ တွေ အမြန်ဆုံး သက်သာပါစေ ...


ဒါက မြင်သာအောင် ဥပမာပေးတာပါ။ ကိုယ်ကြိုက်ရာကို ကြိုက်သလိုတောင်းပါ။ ပြီးရင်တော့ မီးတွေအားလုံးကို မှုတ်ငြိမ်းလိုက်ပါ။ စွန့်ချင် စွန့်ပစ်လို့ရပါတယ်။ ဒါပေမယ့် နောက်ရက်တွေ ဆက်လုပ်ချင်သေးရင်တော့ မစွန့်ပါနဲ့။ ဆက်သုံးလို့ရပါတယ်။ ကရဝေးရွက်ကတော့ အသစ်ထပ်သုံးပေါ့။ အစီရင်က ဒါပါပဲ... ဒီနည်းက...


✅ ချူချာလွန်းသူတွေ...

✅ နာတာရှည်ခံစားနေရသူတွေ...

✅ ဆေးမတိုးသူတွေ...

✅ အပ ပယောဂကပ်နေသူတွေ...


အားလုံးအတွက် အဆင်ပြေပါတယ်။