စာတွေပြန်စစ်ရင်း လွန်ခဲ့တဲ့ ၆ လလောက်က ညီတစ်ယောက်မေးထားတဲ့ မေးခွန်းလေးကို ပြန်တွေ့လို့ ဒီကနေပဲ အားလုံးလည်း ဗဟုသုတရအောင် ဖြေပေးလိုက်ပါတယ်။ မေးခွန်းတော့ Copy မပြတော့ပါဘူး။ ကျနော်ပေးလိုက်တဲ့ ခေါင်းစဥ်ကိုပဲ သူမေးထားတာပါ။ မြန်မာပြည်မှာနေတုန်းက အနောက်တိုင်းမှော်ပညာတွေကို လေ့လာလိုက်စားနေတဲ့ ဆရာတစ်ယောက်ကို အဲ့ဒီမေးခွန်းမျိုး ကျနော်လည်းမေးခဲ့ဖူးပါတယ်။ အဲဒီအချိန်က အင်တာနက်ခေတ်မစားသေးချိန်လည်းဖြစ်၊ အနောက်နိုင်ငံက ပညာရှင်တွေနဲ့လည်း ဆက်သွယ်လို့မရတော့ ရှိတဲ့လူကိုပဲ အားကိုးအားထားနဲ့မေးကြည့်လိုက်တာပါ။ အဲ့ဒီဆရာပြန်ဖြေခဲ့ပုံလေးကို အခုထိ မှတ်မိနေပါသေးတယ်။
"Witch ဆိုတာ မြန်မာလို စုန်းကိုပြောတာကွ၊ တိတိကျကျပြောရရင်တော့ စုန်းပညာလိုက်စားတတ်တဲ့ မိန်းမတွေကို ခေါ်တဲ့အခေါ်အဝေါ်ပေါ့ကွာ... စုန်းမ ကိုပြောတာပါ။ စုန်းပညာလိုက်စားတဲ့ ယောကျ်ားလေးတွေကိုတော့ Wizard လို့ခေါ်ကြတယ်။ စုန်းထီးပေါ့။ Knot ဆိုတာ... အထုံးအဖွဲ့ကိုဆိုလိုတာ... ဒီတော့ စုန်းမတွေသုံးတဲ့ အထုံးအဖွဲ့တမျိုးကိုပြောတာပါ။ စုန်းပညာဆိုတာ မကောင်းဘူးကွ။ မလိုက်စားနဲ့။ ပေးဆပ်ရတာတွေအရမ်းများတယ်။ မင်းဘာလို့သိချင်တာလဲ မသိပေမယ့် မင်းစိတ်ဝင်စားနေတယ်လို့တော့ ငါခန့်မှန်းမိပါတယ်။ တကယ်တော့ အဲ့ဒါတွေက Black Magick တွေကွ။ မလေ့လာရင် အကောင်းဆုံးပဲ... White Magick ကိုပဲလေုလာစမ်းပါကွာ... "
အဲ့ဒီအချိန်က ကျနော်က ကြားဖူးနားဝတွေလောက်နဲ့ လေ့လာနေရတာဆိုတော့ သူပြောတာပဲ အမှန်ထင်ခဲ့ရကြောင်း ဝန်ခံရမှာပါ။ သူကလည်း အင်္ဂလိပ်လိုတွေဘာတွေနဲ့ သေသေချာချာကို ပြောခဲ့တာကိုး... ဒါပေမယ့် ကျနော့်မှာ ဥာဥ်တခုရှိတယ်။ ကောင်းတဲ့ပညာဖြစ်စေ၊ မကောင်းတဲ့ပညာဖြစ်စေ လေ့လာချင်တယ်။ သင်ယူချင်တယ်။ တတ်ထားချင်တယ်။ ကျနော့်စိတ်ထဲမှာ ကောင်းတဲ့ပညာ၊ မကောင်းတဲ့ပညာရယ်လို့ ခွဲခြားထားလေ့မရှိဘူး။ ဂမ္ဘီရဆန်ရင် အဲ့ဒါပညာတစ်ခုပဲလို့ ခံယူထားတယ်။ ပြီးတော့ အကုသိုလ်ကင်းရင်း အသုံးပြုချင်တယ်။ ဥပမာဗျာ... White Magick မှာလည်း ငွေကိုဖိတ်ခေါ်ပေးတဲ့အစီရင်ရှိသလို၊ Black Magick မှာလည်း ငွေကိုဖိတ်ခေါ်ပေးတဲ့အစီရင်ရှိတယ်။ အဲ့ဒီလိုရှိနေတဲ့အခါ လုပ်ဆောင်ရမယ့်နည်းလမ်းက အကုသိုလ်သဘောမပါဘူးဆိုရင် ငွေကိုဖိတ်ခေါ်နိုင်ဖို့ ကျနော်သုံးချင်တာသုံးမှာပဲ။ ကျနော့်စိတ်ထဲ... White တွေ၊ Black တွေမရှိဘူး။ အစီရင်က ရည်ရွယ်ချက်ကောင်းတယ်။ လူတွေကို အကုသိုလ်မဖြစ်စေဘူး။ ဘေးမရှိစေဘူး။ အကျိုးလည်းရှိစေတယ်ဆိုရင် အဲ့ဒါ ပညာပဲ... ကျနော်သုံးတယ်။ ဒါ အဲ့ဒီအချိန်က ကျနော် ယူဆခဲ့တဲ့အယူအဆ။ လူကလည်း လူငယ်ကိုး။ ဒီတော့ အင်တာနက်တွေခေတ်စားလာတဲ့အခါ အင်တာနက်ဆိုင်သွားတယ်။ ကျနော့်နေရာကနေ မြို့ထဲကို အသွားအပြန် လိုင်းကားခ ၄၀ ကျပ်ပဲရှိနေချိန်မှာ တစ်နာရီကို အင်တာနက်ခ ၅၀၀ ကျပ်ပေးသုံးရတယ်။ နေ့လည် ၂ နာရီဆို ဗေဒင်ဟောခန်းပိတ်ပြီ။ ကျန်နေတဲ့အချိန်က ကျနော့် ကိုယ်ပိုင်အချိန်ပဲ... အင်တာနက်ဆိုင်ကို လမ်းလျှောက်သွားရင် ၁၅ မိနစ်ကြာတယ်။ လူတစ်ယောက်ရဲ့ ပျမ်းမျှ ခြေတလှမ်းက ၁ ပေကွာတယ်။ ကျနော့်ရဲ့ လမ်းလျှောက်နှုန်းက ၁ စက္ကန့်ကို သုံးလှမ်းရအောင်လျှောက်နိုင်တယ်။ ဒီတော့ ကျနော်လမ်းလျှောက်ရင် ၁ စက္ကန့်ကို ပျမ်းမျှ ၃ ပေရွေ့တယ်ဗျာ... ဒီနှုန်းနဲ့ လျှောက်တဲ့ခရီး ၁၅ မိနစ်ကြာတယ်ဆိုတော့ ကျနော့်အိမ်နဲ့ အင်တာနက်ဆိုင် အကွာအဝေးကိုတွက်ကြည့်ပေါ့။ နေ့စဥ် ပျမ်းမျှ နေ့လည် ၂ နာရီခွဲကနေ စထိုင်လိုက်တာ ည ၉ နာရီမှ အိမ်ပြန်ဖြစ်တယ်။ ကျနော် ဘယ်လောက်ထိ အချိန်တွေသုံးခဲ့သလဲဆိုတာ ခန့်မှန်းကြည့်ပါ။ တစ်နာရီ ၅၀၀ ကျပ်ပေးသုံးရတဲ့အချိန်နော်။ ကျနော်နဲ့ ရွယ်တူတွေ Dota Game ဆော့ကောင်းနေချိန်မှာ ကျနော်က FireFix Browser တစ်ခုနဲ့ အလုပ်ရှုပ်နေချိန်ပေါ့။ သူများတွေ G-Talk နဲ့ Chatting ထိုင်နေချိန်မှာ ကျနော်က အနောက်နိုင်ငံက လူတချို့နဲ့ Chat နေချိန်ပေါ့။ အဲ့ဒါ ကျနော့်နေ့စဥ်အလုပ်တခု... ကျနော့် ဟောခန်းပိတ်ရက်ဆို မနက် ၉ နာရီလောက်ကတည်းက ရောက်နေပြီ။ ဒါတောင် ဆိုင်က ဖွင့်တာ ၉ နာရီမှမို့လို့။ မဟုတ်ရင် ဒီထက်စောရောက်ချင်ရောက်နေမှာ။ ပြောချင်တာကတော့ ကျနော်သိချင်တာကို ဘယ်လောက်ထိ ရှာဖွေသင်ယူခဲ့ရသလဲဆိုတာ ခန့်မှန်းစေချင်တာ... အဲဒီအချိန်က ဖုန်းကလည်း ခုခေတ်လို လူတိုင်းဝယ်ကိုင်နိုင်တာမဟုတ်ဘူးဗျ။ နောက်ပိုင်း အင်တာနက်ဆိုင်ပိုင်ရှင် ကိုယ်ပိုင်အိမ်ဝယ်နိုင်ပြီး ကိုယ်ပိုင်ဆိုင်ဖြစ်တော့ အင်တာနက်ခက ပုံမှန် ၄၀၀ ကျပ်ကနေ Member ဆို ၃၀၀ ကျပ်ဖြစ်သွားတယ်။ ကျနော် Member ဝင်ထားလိုက်မှ အသက်ရှုချောင်ခဲ့ရတယ်။ မဟုတ်ရင် နောက်ထပ်နှစ်ချီသုံးရရင် ကျနော်မွဲသွားနိုင်တယ်။ ထားပါတော့ စကားတွေက နဲနဲဘေးရောက်နေပြီ။ အဲဒီလို အဆက်အသွယ်ကောင်းတွေနဲ့ တဆင့်စီလေ့လာသင်ယူလိုက်မှ Witch's Knot ဆိုတာ ဘာလဲလို့ ကောင်းကောင်းနားလည်ခဲ့ရတယ်။ ဒီအကြောင်း ကျနော့်ကို ရှင်းပြဖူးတဲ့ဆရာကလည်း သူတကယ်မသိတာပဲလား၊ မပြောပြချင်တာလားမသိပါဘူး။ သူပြောသမျှ တခုမှ မဟုတ်တာတွေ တွေ့လာရတယ်။ Witch ဆိုတာမြင်တိုင်း ရမ်းပြီး စုန်းလို့ ပြောလို့မရပါဘူး။ ဒီအကြောင်းထပ်ချဲ့ရရင် ပိုကြာတော့မယ်။ ခဏထားလိုက်ဦး... အဓိကပြောချင်တာက Witch's Knot ပဲ... ဒါဟာ မကောင်းတဲ့ပညာတစ်ရပ်မဟုတ်ပါဘူး။ အနောက်တိုင်းမှော်ပညာမှာ ဒါကို... Witch’s Charm, Magic Knot, Protection Knot, Hexefus စတဲ့ နာမည်အမျိူးမျိုးနဲ့လည်း ခေါ်တတ်ကြပါတယ်။
မှော်ပညာလောကမှာ မကောင်းတာတွေကို တားဆီးကာကွယ်ပေးတတ်တဲ့အရာတစ်ခုအဖြစ်နဲ့ ကျော်ကြားပါတယ်။ တကယ်တော့ သူ့စွမ်းအင်က အဲ့ဒီတစ်ခုထဲမဟုတ်ပါဘူး။ ဆက်မပြောခင် သဘောတရားလေးအရင်သိရအောင်လို့ သူ့ပုံသဏ္ဍာန်အကြောင်းအရင်ရှင်းပြပါမယ်။ ကျနော်ပုံလေးလည်း ပြပေးထားပါတယ်။ ပုံနဲ့တွဲကြည့်ပါ။ စက်ဝိုင်းတစ်ခုကို အဆုံးအစမရှိတဲ့ လမ်းကြောင်းတွေက ပန်းပွင့်ပုံလိုလို ချိတ်ဆက်ထားပါတယ်။ ဒါဟာ အဆုံးအစမရှိခြင်း၊ မပျက်စီးနိုင်ခြင်း။ ကာကွယ်ပေးနိုင်ခြင်း၊ ရစ်ပတ်နှောင်ဖွဲ့ခြင်းတွေရဲ့ ပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။ စက်ဝိုင်းဟာ အဆုံးအစမရှိတဲ့ ကာကွယ်မှုကို ပေးစွမ်းပြီး... ပန်းပွင့်ပုံ ကြိုးချည်မှုဟာလည်း အဆုံးမရှိတဲ့ နှောင်ဖွဲ့မှုနဲ့ လက်တွဲမဖြုတ်မှုကိုပေးစွမ်းပါတယ်။ ဒါကြောင့် ဒီသင်္ကေတဟာ အောက်ပါအကျိူးတရား ( ၅ ) ပါးကို အဓိကပေးစွမ်းပါတယ်။ တခြားအရာတွေတော့ စာရှည်မှာစိုးလို့ခဏချန်ထားပါမယ်။
✅ ကာကွယ်မှု
✅ နှောင်ဖွဲ့ခြင်း
✅ ဣတ္ထိယစွမ်းအင်
✅ နတ်ဆိုးတိုက်ဖျက်ရေး
✅ ကျိန်စာဖြေဖျောက်ခြင်း
ကာကွယ်မှု
============
မကောင်းတဲ့မှော်ဆိုးတွေ၊ ဝိညာဥ်ဆိုးတွေ၊ နတ်ဆိုးတွေ၊ ဘေးရန်တွေကနေကာကွယ်ပေးနိုင်ပါတယ်။ အိမ်တံခါးတွေအပေါ်မှာ ရေးဆွဲပြီး အဆောင်ပြုတတ်ကြပါတယ်။ Scrying Mirror နဲ့တွဲပြီး ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကိုပါ အကာအကွ*ယ်ရအောင်လို့လည်း အသုံးပြုတတ်ကြပါတယ်။
နှောင်ဖွဲ့ခြင်း
============
ချစ်ခြင်းမေတ္တာနဲ့ သဟဇာတကျမှုကိုလည်း ပေးစွမ်းတဲ့အတွက် သံယောဇဥ်ကို ချည်နှောင်ပေးတဲ့ စွမ်းအင်အဖြစ် ချစ်သူနှစ်ဦး၊ အိမ်ထောင်ဘက်နှစ်ဦးအကြားသံယောဇဥ်များလာဖို့၊ သစ္စာစောင့်သိစေဖို့နဲ့... လူမှုရေး၊ သူငယ်ချင်းတွေအကြား သဟဇာတဖြစ်စေမှုတွေမှာ အသုံးပြုတတ်ကြပါတယ်။
ဣတ္ထိယစွမ်းအင်
===============
မိန်းကလေးတွေအတွက် ဓမ္မတာမှန်စေဖို့၊ လှပပြီးဆွဲဆောင်အားကောင်းစေဖို့၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိစေဖို့၊ မိန်းမသားဆန်စေဖို့ အသုံးပြုတတ်ကြပါတယ်။
နတ်ဆိုးတိုက်ဖျက်ရေး
=====================
မကောင်းတဲ့မှော်၊ နတ်ဆိုး၊ ဝိညာဥ်ဆိုးတွေကို ကာကွယ်ရုံသာမက တိုက်ဖျက်ရေးတွေမှာပါသုံးတတ်ကြတယ်။ ရှေးက ဓားတွေပေါ်မှာစီရင်ပြီး ရန်သူအောင်နိုင်ရေးတွေမှာပါ အသုံးပြုတတ်ကြပါတယ်။
ကျိန်စာဖြေဖျောက်ခြင်း
======================
မှော်ကျိန်စာတွေ၊ နတ်ဆိုးကျိန်စာတွေပြေပျောက်စေဖို့၊ မကောင်းတဲ့သက်ရောက်မှုတွေပြေပျောက်စေဖို့၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတွေပြေပျောက်စေဖို့တွေမှာလည်းသုံးတတ်ကြတယ်။
အသုံးပြုပုံ
===========
သက်ဆိုင်ရာ အချိန်အခါတစ်ခုမှာ ဒီသင်္ကေတကို ရေးဆွဲလို့ဖြစ်စေ၊ ထွင်းထုလို့ဖြစ်စေ အဆောင်ပြုထားလို့ရပါတယ်။ သက်ဆိုင်ရာ အချိန်ဆိုတာက လိုအပ်တဲ့အကျိုးအတွက် သီးသန့်တွက်ချက်ရတာမျိုးကိုပြောတာပါ။ ဒီမှာတော့ တွက်ပြဖို့အချိန်မရှိလို့ ချနိထားလိုက်ပါမယ်။ စိတ်ဝင်စားသူရှိရင် ဗေဒင်မေးဖြစ်တဲ့အခါ ကျနော့်ဆီက တောင်းယူပါ။ အခမဲ့တွက်ချက်ပေးရုံတင်မက ရေးဆွဲနည်း၊ စီရင်နည်းတွေကိုပါပြောပြပေးပါမယ်။
0 Comments
Post a Comment