စိတ်တန်ခိုးလို့ပြောလိုက်တာနဲ့ လူတော်တော်များများက Will Power ကိုဆိုလိုကြောင်း သိမြင်တတ်ကြပါတယ်။ လူတချို့ကလည်း စိတ်တန်ခိုးကျင့်စဥ်ဆိုပြီး အင်တာနက်က Video တွေ၊ စာအုပ်စာပေထဲကနည်းတွေနဲ့ ကိုယ်သန်ရာသန်ရာလေ့လာပြီး လေ့ကျင့်တတ်ကြပါတယ်။ ဒီလိုလေ့ကျင့်တဲ့အခါ ကိုယ့်ကိုယ်ကို စိတ်တန်ခိုးရသွားပြီလို့လည်း တချို့ကထင်တတ်ကြသလို၊ တချို့ကလည်း စိတ်တန်ခိုးမရတဲ့အပြင် စိတ်ဓာတ်တွေပါကျပြီး ဆက်မလုပ်တော့ပဲရပ်ထားလိုက်တတ်ကြပါတယ်။ 


တကယ်တော့ စိတ်တန်ခိုးလေ့ကျင့်တဲ့အခါ ကိုယ့်ရဲ့စွမ်းရည်ကို အကဲဖြတ်ပေးတာမျိုး၊ အမှားကို အမှန်ဖြစ်အောင်ကူညီလမ်းပြတာမျိုး၊ လိုအပ်ချက်တွေကိုဆွေးနွေးတာမျိုးပြုလုပ်ပေးနိုင်တဲ့ဆရာသမားကောင်းတစ်ယောက် လိုအပ်ပါတယ်။ ဆရာအနီးကပ်ရှိနေမှလည်း စိတ်တန်ခိုးတိုးတက်လာဖို့ အခွင့်အလမ်းပိုမျာပါတယ်။ စာအုပ်ထဲကနည်းတွေ၊ Video ထဲကနည်းတွေဟာ တကယ်တမ်းက အားကိုးမရတတ်ပါဘူး။ စိတ်တန်ခိုးလေ့ကျင့်နေစဥ်မှာ ကြုံလာတတ်တဲ့ စိတ်ရဲ့အကူးအပြောင်းဖြစ်စဥ်တွေကို ဘယ်သူမှ တိတိကျကျထည့်ပြီးရှင်းမပြထားပါဘူး။ 


စိတ်တန်ခိုးလေ့ကျင့်မယ့်သူဟာ Law of Attraction ကို အခြေခံသဘောလောက်တော့ နားလည်ထားသင့်ပါတယ်။ Law of Attraction ဆိုတာ "ဆွဲငင်ခြင်းနိယာမ" လို့ အလွယ်မှတ်ထားပါ။ "တူရာတူရာကို ဆွဲငင်တယ်" ဆိုတဲ့ ဥပဒေသကို အခြေပြုတည်ဆောက်ထားပါတယ်။ ခပ်လွယ်လွယ်ရှင်းပြရရင်...

အကောင်းမြင်တဲ့အတွေးဟာ အကောင်းတွေကို ဆွဲငင်စေတတ်ပြီး၊ အဆိုးမြင်တဲ့အတွေးဟာ အဆိုးတွေကို ဆွဲငင်စေတတ်ပါတယ်။ စိတ်တန်ခိုးကျင့်စဥ်လုပ်ဆောင်နေတဲ့အချိန်မှာ Law of Attraction သဘောတရားကို နားမလည်ထားရင် စိတ်တန်ခိုးရဖို့မလွယ်ပါဘူး။ Law of Attraction ကို စိတ်တန်ခိုးပညာနဲ့ ပေါင်းစပ်ဖို့ အောက်ပါအချက် သုံးခုကို အတိအကျလိုက်နာပေးသင့်ပါတယ်။


✅ တိကျတဲ့ ပန်းတိုင်ကို ချမှတ်ပါ။

===============================

စိတ်တန်ခိုးကျင့်စဥ်ကို ဘာအတွက်ကျင့်မှာလဲ?

ဘာကိုလိုချင်တာလဲ?

ဘာတွေဖြစ်လာစေချင်တာလဲ?

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ပြီးရင် အဲ့ဒါကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ သန္နိဋ္ဌာန်ချပါ။ ပိုပြီးလေးနက်စေဖို့ စာရွက်ပေါ်မှာထင်ထင်ရှားရှားရေးပြီး ကိုယ်တိုင်မြင်လွယ်မယ့် နေရာမှာကပ်ထားလိုက်ပါ။



✅ ယုံကြည်ခြင်း

===============

ပန်းတိုင်ချမှတ်ပြီးပြီဆိုရင် အဲ့ဒီအရာကို ဖြစ်လာအောင် ကိုယ်တိုင်ပြုလုပ်နိုင်မယ်လို့ ပြည့်ပြည့်ဝဝယုံကြည်ထားလိုက်ပါ။ အဲ့ဒီလို ယုံကြည်လိုက်တာဟာ အကောင်းမြင်စိတ်လို့ခေါ်ပါတယ်။ "ဖြစ်မှဖြစ်ပါ့မလား" "ငါနဲ့တော့ဖြစ်မှာမဟုတ်ပါဘူး" စတဲ့အတွေးသံသယတွေက အဆိုးမြင်စိတ်ဖြစ်ပါတယ်။ Law of Attraction အရ အကောင်းမြင်စိတ်ရှိမှ အကောင်းတွေကို ဆွဲငင်မှာကို မမေ့ပါနဲ့။ စကြဝဠာထဲက အရာတိုင်းဟာ စွမ်းအင် ( Energy ) တွေရှိကြပါတယ်။ ကိုယ်တွေးလိုက်တဲ့အတွေးတွေဟာလည်း Energy ပါပဲ။ အဲ့ဒီ Energy မှာ တုန်ခါမှုဆိုတဲ့ Vibration တွေပါဝင်ပါတယ်။ Vibration တွေဟာ တခုနဲ့တခု မတူညီတတ်ကြဘူး။ ပြင်းပြတဲ့ဆန္ဒရဲ့ အဟုန်ကနေဖြစ်လာမယ့် Vibration ဟာ အမြင့်ဆုံးဖြစ်ပါတယ်။ အဲ့ဒီ တုန်ခါမှုတွေကနေ တူရာတူရာကို ဆွဲငင်ပါတယ်။ ဒီတော့ ကောင်းတာတွေးတွေး၊ မကောင်းတာတွေးတွေး... Energy ကြောင့် Vibration တွေဖြစ်လာမှာပါ။ ပြီးရင် တူရာတူရာကို ဆွဲငင်မှာပါ။ ဒါဟာ Law of Attraction ပါပဲ။ ကိုယ်က ဖြစ်ပါ့မလားလို့ သံသယဖြစ်လာရင် အဲ့ဒီသံသယတွေကိုပဲ ဆွဲငင်ပါလိမ့်မယ်။ ဖြစ်ကိုဖြစ်ရမယ်လို့ အခိုင်အမာယုံကြည်ထားရင်တော့ အဲ့ဒီခိုင်မာတဲ့အရာကိုပဲ ဆွဲငင်ပါလိမ့်မယ်။ လူတော်တော်များများဟာ ဒီအဆင့်မှာ လမ်းတွေလွဲကုန်တာများပါတယ်။ မယုံမရဲဖြစ်လာတာတွေ၊ သံသယစိတ်များလာတာတွေ၊ သိပ္ပံနည်းမကျလို့ လက်မခံချင်တာတွေ စသဖြင့်ပေါ့။ ဒီအချိန်မျိုးမှာ ဆရာကောင်းတစ်ယောက် အနားမှာရှိနေရင်တော့ အဆင်ပြေတာပေါ့။ ဆရာသမားက ကိုယ့်ရဲ့ အားနည်းချက်တွေကိုဖြေရှင်းပေးနိုင်ပါတယ်။ ဆရာမရှိရင်တော့ လမ်းကြောင်းတွေလွဲပြီး တိုးတက်စရာရှိတဲ့အရာက မတိုးတက်တော့ဘူးဖြစ်သွားတတ်ပါတယ်။ 


စကားစပ်မိလို့ ဥပမာတစ်ခုပြောပြပါမယ်။ ကျနော့်ရဲ့ စိတ်တန်ခိုးသင်တန်းသားတစ်ယောက်က မေးတယ်။ 


"ဆန္ဒအားကြီးလာရင် ဘာမဆိုညို့ယူနိုင်တာ တကယ်ဆိုရင် ကျနော် အိမ်ပိုင်တစ်လုံးနဲ့နေချင်တဲ့ ဆန္ဒစိတ်က ငယ်ထိပ်ရောက်နေပါလျှက် ဘာလို့ အခုထက်ထိ အိမ်ပိုင်နဲ့မနေရသေးတာလဲဆရာ... ကျနော်ကျင့်နေတာကပဲ မှားယွင်းနေတာလား"


ဒီတော့ ကျနော်က မေးကြည့်တယ်။ 


"အိမ်ပိုင်နဲ့နေချင်တဲ့ ဆန္ဒက ငယ်ထိပ်ရောက်တဲ့အထိ အားကြီးနေတယ်ဆိုတော့ အဲ့ဒီအိမ်ကိုဝယ်ဖို့ ငွေအလုံအလောက်ရော ကိုယ့်မှာအသင့်ရှိနေပြီလား"


ကျနော့်မေးခွန်းကြောင့် ပထမသူကြောင်သွားတယ်။ ပြီးတော့ ပြန်ပြောတယ်။


"ဆရာကတော့ နောက်တော့မယ်။ အိမ်ဝယ်ဖို့ ငွေအလုံအလောက်ရှိမှတော့ စိတ်တန်ခိုးကျင့်စဥ်ကိုတောင် ကျင့်နေစရာလိုဦးမလားဗျာ... ချက်ချင်းပြေးဝယ်လိုက်မှာပေါ့"


ဒီတော့ ကျနော်က ရှင်းပြလိုက်တယ်။


"အတွေးက အဲ့ဒီကတည်းက လွဲနေပြီ။ ပထမဆုံးလွဲတဲ့အချက်က ယုံကြည်မှုပဲ... ငွေရှိရင် စိတ်တန်ခိုးတောင် ကျင့်စရာမလိုဘူးဆိုတဲ့အတွေးက သဘာဝအားဖြင့် မမှားပေမယ့် စိတ်တန်ခိုးပညာအရ မှားတဲ့အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။ ကျင့်စဥ်အပေါ် လုံးလုံးအားကိုးယုံကြည်တာမျိုးမဟုတ်ပဲနဲ့ ငွေမရှိလို့သာကျင့်ရတယ်။ ငွေသာရှိရင် ကျင့်ဖို့မလိုဆိုတဲ့ စိတ်ရဲ့သက်ရောက်မှုက ကျင့်စဥ်ကို အတားအဆီးဖြစ်စေပါတယ်။ ငါ့ရဲ့စိတ်တန်ခိုးအစွမ်းနဲ့ အိမ်ကိုဝယ်ယူနိုင်လောက်တဲ့ ငွေတွေ ရကိုရလာမှာပဲဆိုတဲ့ အတွေးစိတ်ကူးကို ပိုင်ပိုင်နိုင်နိုင် မချမှတ်နိုင်သေးတဲ့အတွက် ဒါဟာ လိုချင်စိတ်ငယ်ထိပ်ရောက်တာနဲ့ မတူပါဘူး။ ဆန္ဒနဲ့လောဘကို မကွဲပြားရင် စိတ်တန်ခိုးလမ်းနဲ့ဝေးကွာတတ်ပါတယ်။ အခု ကိုယ်တကယ်ဖြစ်နေတာက လောဘပါ။ လိုချင်စိတ်သာရှိပြီး ယုံမှားသံသယတွေပါဝင်နေပါတယ်။ လောဘ ကို ဆန္ဒလို့ ထင်နေတာပါ။ ဒုတိယ လွဲနေတာက ပုံဖော်မှုပါ။ စိတ်တန်ခိုးကျင့်စဥ်မှာ ဆန္ဒရှိနေရုံနဲ့ မပြီးပါဘူး။ အဲ့ဒီဆန္ဒတွေကို တကယ်ဖြစ်လာကြောင်း စနစ်တကျ စိတ်ကူးပုံဖော်ပေးရပါတယ်။ စိတ်တန်ခိုးပညာမှာ အိမ်ရှိခြင်း၊ မရှိခြင်း။ ငွေရှိခြင်း၊ မရှိခြင်းတွေက အရေးမကြီးပါဘူး။ အဲ့ဒါတွေကိုယ့်မှာ တကယ်ရှိလာပြီဖြစ်ကြောင်း ပုံဖော်နိုင်ဖို့က အရေးကြီးပါတယ်။ ဒီလိုပုံဖော်တဲ့နေရာမှာ သာမန်လောက်ပုံဖော်တာမျိုးနဲ့တော့ မရတတ်ပါဘူး။ အထူးသဖြင့် ပုံရိပ်ဖော်တာကို "စိတ်ကူးယဥ်ခြင်း" "တွေးတောခြင်း" "စဥ်းစားခြင်း" ဆိုတဲ့ စကားလုံးတွေနဲ့လည်း မမှားစေချင်ပါဘူး။ ဥပမာ... ဗိုက်ဆာနေတဲ့လူတစ်ယောက်က ခုနေ ကြက်ဆီပြန်ဟင်းနဲ့ထမင်းမှား စားလိုက်ရရင်တော့ဖြင့်လို့ တွေးတောနေတာဟာ ပုံရိပ်ဖော်နေတာမဟုတ်ပါဘူး။ အဲ့ဒါ "စဥ်းစား" နေတာပါ။ ဒါကို တဆင့်တက်ပြီး လက်တွေ့စားနေရသလိုလို စိတ်ကူးလိုက်မယ်ဆိုရင်လည်း ဒါဟာ ပုံရိပ်ဖော်နေတာမဟုတ်သေးပါဘူး။ "စိတ်ကူးယဥ်" နေတာပါ။ အဲ့ဒီအဆင့်တွေက စိတ်တန်ခိုးပညာရဲ့လမ်းစဥ်မဟုတ်ပါဘူး။ စိတ်တန်ခိုးရဲ့လမ်းစဥ်က "စိတ်ကူးယဥ်" နေရုံနဲ့ လက်တွေ့ဘာမှဖြစ်မလာတတ်ပါဘူး။ "ပုံရိပ်ဖော်" တတ်မှ အောင်မြင်ပါတယ်။

တတိယလွဲနေတာက "ခိုင်မာမှု" ပါပဲ... ပြန်ဖြေတဲ့အဖြေအရ စိတ်ဓာတ်ဟာ မခိုင်မာသေးဘူးဆိုတာကို ဖော်ပြနေပါတယ်။ စိတ်ဓာတ်ခိုင်မာဖို့၊ စိတ်ကူးခိုင်မာဖို့၊ ကျင့်စဥ်ခိုင်မာဖို့ အထူးအရေးကြီးပါတယ်။ ကျင့်စဥ်ကို ငွေရှိမှတော့ လုပ်စရာမလို ဆိုတဲ့ အတွေးအခေါ်ကပဲ ကျင့်စဥ်ကို လိုအပ်လို့ကျင့်နေရတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ လိုမှထကျင့်မယ်။ မလိုရင် ကျင့်စရာမလိုဆိုတာမျိုးဟာ စိတ်တန်ခိုးလမ်းနဲ့ ဖီလာဖြစ်ပါတယ်။ စိတ်တန်ခိုးကျင့်စဥ်ဟာ သိပ္ပံပညာမဟုတ်သလို၊ ခုထကျင့်ပြီး ခုထအောင်တဲ့ မှော်မျက်လှည့်အတတ်မျိုးလည်းမဟုတ်ပါဘူး။ စိတ်ရှည်ရမယ်။ စနစ်ကျရမယ်။ မှန်မှန်လုပ်ရမယ်။ ဒါမှ လက်တွေ့အောင်မြင်ပါတယ်။ အဲ့ဒါတွေကို စနစ်တကျ နားလည်အောင် သင်ခန်းစာပိုင်းမှာလေ့လာပါ။ မကြာဘူး... စိတ်ကူးလို့ရတဲ့အရာမှန်သမျှ လက်တွေ့ညှို့ယူနိုင်ကြောင်းကိုပါ သဘောပေါက်သွားပါလိမ့်မယ်။"


✅ လက်ခံခြင်း

==============

Law of Attraction နဲ့ပေါင်းစပ်ထားတဲ့ နောက်ဆုံးအချက်က လက်ခံခြင်းဖြစ်ပါတယ်။ စိတ်တန်ခိုးပညာဟာ သိပ္ပံနည်းမကျလို့ လူတချို့က လက်မခံချင်ကြဘူး။ တချို့ကလည်း လက်ခံကြတယ်။ ဘယ်သူတွေ လက်ခံခံ မခံခံ... အကောင်းမြင်စိတ်နဲ့ လက်တွေ့ကြိုးစားမှုဟာ အောင်မြင်မှုရဲ့ သော့ချက်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ ဒီအချက်ကို စိတ်တန်ခိုးကျင့်မယ့်သူက ကောင်းစွာလက်ခံထားရမှာဖြစ်သလို... ကျင့်စဥ်က ပေးအပ်လာမယ့် အရာတွေကိုလည်း ကောင်းစွာ လက်ခံတတ်ဖို့ အထူးလိုအပ်ပါတယ်။ လက်ခံခြင်းကို ခံယူခြင်းလို့လည်း နားလည်ထားနိုင်ပါတယ်။ စိတ်တန်ခိုးကျင့်နေချိန်မှာ ကျနော်တို့ဟာ ခွက်အလွတ်တစ်လုံးလို ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုအပ်ပါတယ်။ အဲ့ဒါ " ဗလာ " ကိုပြောတာပါ။ ကျနော်တို့ အိုးတွေလုပ်နေကြတယ်။ တကယ်က ကျနော်တို့လိုချင်တာ အိုးမဟုတ်ဘူးနော်... အဲဒီအိုးထဲက နေရာလွတ် ( ဗလာ ) ကိုသာ လိုချင်တာပါ။ ကျနော်တို့ အိမ်တွေ၊ တိုက်တွေဆောက်နေကြတယ်။ ကျနော်တို့တကယ်လိုချင်တာက အဲ့ဒီ အိမ်တွေ၊ တိုက်တွေမဟုတ်ပါဘူး။ အဲ့ဒီထဲက နေရာလွတ် ( ဗလာ ) ကိုလိုချင်တာပါ။ ကျနော်တို့သာ ခွက်တစ်လုံးဖြစ်ပြီး အဲ့ဒီခွက်ထဲမှာ ရေတွေရှိနေမယ်ဆိုရင် တခြား ဘာကိုမှထပ်ထည့်လို့မရတော့ပါဘူး။ ထပ်ထည့်ရင် လျှံကျတော့မှာပါ။ တကယ်လို့ တခြားတခုခုကို မဖြစ်မနေ ထပ်ထည့်ချင်တယ်ဆိုရင်တော့ ခွက်ထဲက ရေတွေကို တနည်းနည်းနဲ့ ဖယ်ထုတ်လိုက်တာ အကောင်းဆုံးပါပဲ။ အဲ့ဒါထက်အကောင်းဆုံးကတော့ ဘာပဲလာလာ လက်ခံနိုင်မယ့် "ဗလာ" ဖြစ်နေအောင် လုပ်ထားလိုက်ခြင်းက အကောင်းဆုံးပါပဲ... ဒီသဘောတရား နားမလည်ပဲ စိတ်တန်ခိုးကျင့်နေရင်တော့ လိုက်လေဝေးလေ ဖြစ်နေဦးမှာပါပဲ။ 


ကဲ... ဒီလောက်ပါပဲ... နားမလည်တာရှိရင် သင်တန်းမှာမေးပါ။ 

သင့်ကိုယ်သင် ဘယ်သူဆိုတာ သိမှ သင်တန်းလာတက်ပါ။

မဟုတ်ရင် ကျနော့်သင်တန်းက လက်မခံပါဘူး။

ငွေပေးသင်တာပဲကွာ ဘယ်လိုသင်သင်ပေါ့ဆိုသူများကတော့ တခြားသင်တန်းဆရာတွေဆီသွားပါ။ ကျနော်ကတော့ လူရွေးပါတယ်။ 


နောက်ဆုံးစကားလက်ဆောင်အဖြစ်ပေးချင်တာကတော့...


✅ နေထိုင်တဲ့အခါ မြေကြီးနဲ့နီးကပ်စွာနေပါ။

✅ တွေးတောတဲ့အခါ အုန်းပင်လိုစဥ်းစားပါ။

✅ အလုပ်လုပ်တဲ့အခါ ချစ်ရသူနဲ့နေရသလို ပြုမူပါ။