ဒီနည်းလမ်းကို Path-Clearing Candle Ritual နည်းလမ်းလို့ ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် အဓိပ္ပါယ်က "လမ်းရှင်းဖယောင်းတိုင်ပူဇော်နည်း" လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ အဲ့ဒါဆိုရင်တော့ ဒီနည်းလမ်းကပြောချင်နေတဲ့ ဆိုလိုချက်ရဲ့ အဝေးဆုံးကို ရောက်သွားနိုင်ပါတယ်။ တချို့စကားလုံးတွေက ဘာသာပြန်တဲ့အခါ သတိထားသင့်ပါတယ်။ ဥပမာ... ပါဠိလို ( ကမ္မ ) ကို ( အလုပ် ) လို့ ခပ်လွယ်လွယ်ဘာသာပြန်ပြီး ( အလုပ် ) ဆိုတာ ( Job ) ကို ပြောတာပါလားလို့ တလွှဲထင်တဲ့လူတွေအများကြီးရှိပါတယ်။ တကယ်က ( ကမ္မ ) ဆိုတဲ့ ( ကံ ) ကို ဖွင့်ဆိုတဲ့အခါ "အလုပ်" လို့ ဖွင့်ဆိုမယ့်အစား "လုပ်ဆောင်မှု" လို့ ဖွင့်ဆိုလိုက်တာက ပိုကောင်းပါတယ်။ ဒါမှ ကံဆိုတဲ့ ကမ္မရဲ့ သဘောနဲ့ နီးစပ်လာမှာပါ။ ခုလည်း... Path က "လမ်း၊ လမ်းကြောင်း" ဆိုပြီး လမ်းရှင်းဖယောင်းတိုင် လို့ဖွင့်ဆိုမိရင် အဓိပ္ပါယ်ကောက်လွဲတတ်ပါတယ်။ တကယ်တော့ ဒီနည်းက...


✅ တက်လမ်းတွေ ပိတ်သွားတဲ့အခါမျိုး...

✅ အဘက်ဘက်ကနေ ပိတ်ဆို့လိုက်သလို တွေ့ကြုံရတဲ့အခါမျိုး...

✅ ကြံရာမရ ဖြစ်နေတဲ့အခါမျိုး...

✅ မျှော်လင့်ချက်မဲ့သွားတဲ့ အခိုက်အတန့်မျိူး...


စတဲ့ အခြေအနေတွေမှာ...


✅ မကောင်းတာတွေကို ဖယ်ရှားဖို့...

✅ မျှော်လင့်ချက်တွေကို လမ်းဖွင့်ပေးဖို့...

✅ အခွင့်အလမ်းသစ်တွေပေါ်လာဖို့...


စသဖြင့် အသုံးပြုရတဲ့ အစီရင်မျိုးဖြစ်ပါတယ်။ 

ဒါကြောင့် ဒါက လုပ်ရတာလွယ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကိုပဲ ရှာလို့ လွယ်မလွယ် အရင်ကြည့်လိုက်ပါ။ မလွယ်သေးဘူးဆိုရင်တော့ ကံဇာတာလေးဘာလေး အရင်စစ်ကြည့်ဦးပေါ့ဗျာ...


✅ ဖယောင်းအဖြူတစ်တိုင် ( ခဲတံလုံးထက်ကြီးပါစေ။ ) 

✅ ဆားအနည်းငယ် ( အစီရင်သဘောအရ ခန့်မှန်းယူနိုင်ပါတယ်။ ပျမ်းမျှ ထမင်းစားဇွန်း ၅ ဇွန်းစာလောက်ဆို လုံလောက်ပါတယ်။ ) 

✅ စာရွက် ( လက်တဝါးစာလောက်ဆို လုံခေါက်ပါတယ်။ ) 

✅ ခဲတံ ( စာရွက်ပေါ်စာရေးရုံပါပဲ အသစ်မဟုတ်လည်း ရတယ်။ ) 

✅ မီးခြစ် ( ဘာမီးခြစ်ဖြစ်ဖြစ် ခြစ်လိုက်လို့ မီးတောက်ရင် ရတယ်။ ) 


အကုန် ရှာလို့ ရပြီဆိုရင် အစီရင် စတင်ရမယ့် ရက်ကိုရွေးပါ။ အကောင်းဆုံးက လပြည့်ညပါပဲ... အဆင်မပြေရင်လည်း လဆန်းရက်တွေထဲက တစ်ရက်ရက်ကို အသုံးပြုနိုင်ပါတယ်။ ပြီးတော့ အချိန်ကို ည ၁၂း၀၀ တိတိလို့ မှတ်ထားပါ။ အဲ့ဒါတွေ တခုမှ လွဲလို့မရပါဘူး။ လွဲသွားရင် ဘာမှမစွမ်းတော့ပါဘူး။ 


ပြုလုပ်ပုံ

========

အချိန်ကျပြီဆိုတာနဲ့ စားပွဲလေးတစ်လုံးပေါ်မှာ ဆားစက်ဝိုင်းလေးတစ်ခုပြုလုပ်ပါ။ 


ဆားစက်ဝိုင်းအလယ်မှာ ဖယောင်းတိုင်ကိုစိုက်ထူပြီး မီးထွန်းလိုက်ပါ။


ပြီးရင် စာရွက်ပေါ်မှာ မိမိဖြစ်တည်၊ ခံစားနေရတဲ့ မျှော်လင့်ချက်မဲ့နေတာတွေ၊ စိတ်ရှုပ်နေတာတွေ၊ ထွက်ပေါက်ပိတ်နေတာတွေ... စတဲ့ အရာတွေကို စာသားအဖြစ် ခဲတံနဲ့ ခပ်တိုတိုနဲ့ ရှင်းရှင်း သဘာဝကျအောင်ရေးပါ။ 


ဥပမာ...


"အခုကြုံနေရတဲ့ အတားအဆီးတွေ ပ,ပျောက်ပြီး ရှင်းလင်းသော လမ်းကြောင်းများပေါ်ထွက်လာပါစေ..."


ရေးပြီးပြီဆိုရင် စာရွက်ကို တချက်ခေါက်ပါ။ အလယ်ကနေ ချိုးချလိုက်တာကိုပြောတာပါ။ ပြီးရင် စာရွက်ကို ကိုင်ထားရင် စိတ်အာရုံ စူးစူးစိုက်စိုက်နဲ့...


"အမှောင်ခွင်းတဲ့ အလင်းရယ်...

သန်းခေါင်ပြီးရင် လင်းတော့မယ်... 

ငါ့ဒုက္ခတွေ ပျောက်ဖို့ကွယ်...

လေနဲ့အတူ ယူသွားဟယ်... "


လို့ လေးလေးနက်နက် သုံးကြိမ်ရွတ်ပါ။ ရွတ်ပြီးတာနဲ့ ကိုင်ထားတဲ့ စာရွက်ကလေးကို ဖယောင်းတိုင်က မီးနဲ့ ရှို့လိုက်ပါ။ စာရွက် မီးလောင်နေပုံနဲ့ အငွေ့တွေထွက်ပေါ်လာပုံကို သတိပြုကြည့်ပါ။ အဲ့ဒီ မီးခိုးငွေ့တွေနဲ့အတူ ကိုယ့်ရဲ့ ဒုက္ခတွေဟာလည်း ကောင်းကင်ကိုရောက်သွားပြီ၊ စကြဝဠာထဲထိ စီးမျောသွားပြီ... လို့ အာရုံပြုထားပါ။ 


မီးသုံးရတဲ့အတွက် လက်အပူမလောင်စေဖို့နဲ့ မီးအန္တရာယ်ကင်းစေဖို့ သတိထားပါ။ လိုအပ်ရင် စာရွက်လွှတ်ချနိုင်ဖို့ သံပန်းကန်ပြားဖြစ်ဖြစ် အနားယူထားပါ။ 


စာရွက် မီးကုန်ရင် ဖယောင်းတိုင်မီးကိုလည်း ငြိမ်းလိုက်ပါ။ ငြိမ်းတဲ့အခါ ကွမ်းရွက်ဖြစ်စေ... နီးစပ်ရာ သစ်ရွက်တခုခုကိုဖြစ်စေ ကန်တော့ပုံလုပ်ပြီး ဖယောင်းမီးအပေါ် အုပ်ချလိုက်ပါ။ ( တခြားနည်းနဲ့ မီးမငြိမ်းရပါဘူး။ ဘာကြောင့် ဒီလိုလုပ်ရတာလည်း သိချင်ရင် သင်တန်းတက်ပါ။ အပျင်းပြေ၊ အပျော်တမ်း လျှောက်လုပ်နေတာမျိုး မဟုတ်ပါဘူး။ ) 


ယုံယုံကြည်ကြည်လုပ်ပါ။

မယုံမကြည်လုပ်ရင် မထိရောက်ပါဘူး။

ယုံကြည်လိုက်လို့လည်း အကျိုးမယုတ်ပါဘူး။